Friday, September 20, 2013

သန်းသုံးထောင်နီးပါး ကုန်ကျမည့် တရားရုံးနှစ်ခု အသစ်ဆောက်မှု ၀န်ကြီးကန့်ကွက်သော်လည်း လွှတ်တော်အတည်ပြု

မင်းမင်း

သန်းပေါင်း နှစ်ထောင့်ကိုးရာ ကုန်ကျမည့် ရန်ကုန် အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင် တရားရုံးနှစ်ခု ဆောက်လုပ် ရန်ကိစ္စကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က စက်တင်ဘာ ၁၈ က ပြုလုပ်သည့် တိုင်းလွှတ်တော်တွင် ကန့်ကွက်ခဲ့သော်လည်း ဆောက်လုပ်ရန် လွှတ်တော်က အတည်ပြု လိုက်ပြီဖြစ်သည်။

ထိုတရားရုံးနှစ်ခု ဆောက်လုပ်ရန်အတွက် ယခုဘဏ္ဍာနှစ်တွင် သန်းကိုးရာ ရရှိထားပြီး မလောက်သည့်အတွက် တိုင်းအစိုးရက နောက်ထပ် သန်းနှစ်ထောင် တောင်းခံခြင်းကို လွှတ်တော်က အတည်ပြုလိုက် ခြင်းဖြစ်သည်။

“တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ပညာရေးကဏ္ဍမှာ စာသင်ကျောင်းတွေ ပြိုနေတယ်။ ဆေးရုံတွေ ဆောက်ဖို့ အများကြီး လိုနေတယ်။ တရားရုံးကြီးကို ဟိုတယ်ကြီးလို ဆောက်ပြီးတော့ လုပ်စရာ လိုမလိုကိုလည်း ဆွေးနွေးစေ လိုပါတယ်” ဟု ဦးဇော်အေးမောင်က ကန့်ကွက်ခဲ့သည်။

ယခုဘဏ္ဍာရေးနှစ်တွင် တရားရုံးတစ်ခုအတွက် သန်း ၄၅၀ (သိန်းပေါင်း ၄၅၀၀) ရရှိထားသော်လည်း “ပြီးခဲ့တဲ့လက ပန္နက်ရိုက်တာ တွေ့ပါတယ်။ အခုထိတော့ ဘာမှလုပ်တာ မတွေ့သေးပါဘူး”ဟု ဦးဇော်အေးမောင်က ပြောဆို လိုက်ပြီး “အဲဒီတော့ အဲ့ဒီသိန်း ၄၅၀၀ မသုံးသေးဘဲနဲ့ (သန်း၂၀၀၀)သိန်း၂၀,၀၀၀ က ဘာလို့ တောင်းသလဲ” ဟု လည်း ၎င်းက ထောက်ပြသည်။

သို့သော် အလျား ၂၀၀ x အနံ ၁၄၀ ပေကျယ်ကာ အမြင့် ငါးထပ်ပါဝင်မည့် ထိုတရားရုံးနှစ်ခုကို ပုံစံတူ ဆောက်လုပ် မည်ဖြစ်ကာ အချုပ်ခန်း၊ သက်သေနားနေခန်းများ ပါဝင်မည်ဖြစ်ပြီး ရုံးမြေပြုပြင်ခြင်း၊ ခြံစည်းရိုးကာခြင်းနှင့် လျှပ်စစ် လုပ်ငန်းများ လုပ်ဆောင်မည့်အတွက် ထပ်မံ တောင်းခံခြင်း ဖြစ်သည်ဟု တိုင်း ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ် က ပြန်လည် ရှင်းပြသည်။

ထိုတရားရုံးနှစ်ခု ဆောက်မည့်အပေါ် ဒေါက်တာညိုညိုသင်းက “လက်ခံနိုင်တဲ့ စံနှုန်းကနေ အရမ်းကို ကျော်လွန်နေ တဲ့အတွက်ကြောင့် သဘာဝမကျဘူး”ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

“အစိုးရအဖွဲ့က တင်ပြလာတိုင်း ကျွန်မတို့ကိုယ်စားလှယ်တွေက အတည်ပြုပေးမှာလားဆိုတာ မေးခွန်း ထုတ်ရမှာ ပါ” ဟုလည်း ဒေါ်ညိုညိုသင်းက လွှတ်တော်တွင် ဆွေးနွေးစဉ် ပြောဆိုခဲ့သေးသည်။

တရားရုံးနှစ်ခုဆောက်လုပ်မည့် ကုန်ကျစရိတ်ပါအ၀င် ယခုဘဏ္ဍာနှစ်အတွက် ငွေမလောက်သဖြင့် တိုင်းအစိုးရကတောင်းခံထားသည့် သန်းပေါင်း ၅၉၇၂၆ ဒသမ ၂၆ (သန်းပေါင်း ၆ သောင်းနီးပါး) ကိုလည်း လွှတ်တော်က အတည်ပြု ပေးခဲ့သည်။

ထိုငွေပမာဏကို ချပေးရန် အတည် ပြု၊ မပြု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ၀န်ကြီး ဦးဇော်အေးမောင်နှင့် ဒေါက်တာဒေါ်ညိုညိုသင်းအပါအ၀င် ခုနစ်ဦးကသာ သဘောမတူသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌ က အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

No comments: