Thursday, September 19, 2013

သံဃာတော်များ သွေးမြေကျခဲ့ရခြင်းအတွက် ၀န်ချတောင်းပန်ရန် တည်ဆဲအစိုးရကို တောင်းဆို

အေးမြင့်စန်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၃

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးအတွင်း သံဃာတော်များ သွေးမြေကျ ခဲ့ရခြင်းအတွက် တည်ဆဲအစိုးရက ၀န်ချတောင်းပန်ရန် တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၁၈ရက်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်တွင် ပြုလုပ်သည့် ရွှေဝါရောင်တော်လှန်ရေးခြောက်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ရွှေဝါရောင်သံဃာတော်များအဖွဲ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“အစိုးရအနေနဲ့ တိုင်းပြည်အနာဂတ်ကို သာယာဖြောင့်ဖြူးစွာ သွားနိုင်ရေးအတွက် နိုင်ငံရေးနည်းအရ ငြိမ်းချမ်းရေး နည်းအရ ပြေလည်စွာ သွားနိုင်ရေးအတွက် သံဃာထုကို ၀န်ချလျှောက်ထားစေချင်တယ်” ဟု ရွှေဝါရောင်တော်လှန်ရေးကာလတွင် ပါဝင်ခဲ့သည့် ဆရာတော်ဦးစန္ဒာသီရိက အမိန့်ရှိသည်။

လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်မှုများ ပပျောက်ရန်၊ အနာဂတ် ဒီမိုကရေစီထွန်းကားရန်၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေကို ပြည်တော်ပြန်ခွင့်ပေးရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အခမ်းအနားကို ကျင်းပရခြင်းဖြစ်သည်ဟုလည်း ဆရာတော်က အမိန့်ရှိသည်။

အခမ်းအနားသို့ ရဟန်းပျိုများသမဂ္ဂ၊ ရန်ကုန်ရွှေဝါရောင် သံဃာတော်များအဖွဲ့၊ ညီညွတ်သော မွန်ရဟန်းပျိုအဖွဲ့၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာတပ်ပေါင်းစုအဖွဲ့တို့ကလည်း သ၀ဏ်လွှာများ ပေးပို့ခဲ့သည်။ ရွှေည၀ါ ဆရာတော်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အပါအ၀င် သံဃာတော် ၂၀၀ ကျော်နှင့် လူထု ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က “အရှင်ဘုရားတို့ ပေးဆပ်ခဲ့သမျှ ရင်နှီးတိုက်ပွဲဝင်ခဲ့သမျှ ဒကာ၊ ဒကာမတွေရှေ့မှာ ရပ်ခဲ့သမျှ ဘယ်သောအခါမှ သမိုင်းမှာ အချည်းနှီးမဖြစ်ဘူး၊ မြင့်မြတ်သည့် သမိုင်းတိုင်းကို အာဏာနှင့် အင်အားသုံးပြီး ဖုံးကွယ်ထားရင် ခဏပါ၊ အမှန်တရားက ထာဝရအောင် ပွဲခံမယ်ဆိုတာရွှေဝါရောင်တော်လှန်ရေးက သက်သေအဖြစ် တည်ရှိနေမှာပါ”ဟု အခမ်းအနားတွင် ပြောသွားခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကမူ အကျဉ်းထောင်များထဲတွင် တိုင်းပြည်နှင့် လူမျိုးအတွက် ကျဆုံးသွားခဲ့သည့် ရဟန်းသံဃာတော်များကို တွေ့မြင်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သည့် သံဃာတော် များကို သံဃာအတုအယောင်များဟု ပုတ်ခတ်ပြောဆိုသည်ကို ကန့်ကွက်သည်ဟု အခမ်းအနားတွင် ပြောသွား ခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ကုန်ဈေးနှုန်း မြင့်တက်ခြင်းကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ လမ်းလျှောက်ချီတက်ဆန္ဒပြရာမှ သံဃာတော်များ ပူးပေါင်းပါဝင်လာပြီး ပခုက္ကူမြို့တွင် သံဃာနှစ်ပါးကို စစ်တပ်မှ ရိုက်နှက်ရာက သံဃာတော်တို့ မခံမရပ်နိုင်ဖြစ်ကာ လမ်းလျှောက် မေတ္တာပို့ဆန္ဒပြရာမှ ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်။

No comments: