Thursday, September 19, 2013

ထားဝယ်ရေနက် ဆိပ်ကမ်း အစီစဉ်မှ လျှော်ကြေး မရသေးသူများ ကားလမ်းပိတ်ဆို့ ဆန္ဒပြ

ဖြူဖြူကို

ထိုင်း-မြန်မာ ထားဝယ် ရေနက် ဆိပ်ကမ်းသို့ ဆက်သွယ် ထားသော ကန်ချနဘူရီ-ထားဝယ် ကားလမ်း ဖေါက်လုပ်ရေးတွင် သိမ်းဆီး ထားသည့် ခြံမြေ များအတွက် လျှော်ကြေး မပေးသဖြင့် မေတ္တာ ဒေသခံ ကျေးရွာ (၇) ရွာမှ နစ်နာ သူများ ကားလမ်းကို ပိတ်ဆို့ပြီး ရက်အကန့်အသတ် မရှိ ဆန္ဒပြနေ သည်ကို KNU တပ်မဟာ (၄)မှ သွားရောက် ဖြေရှင်း ခဲ့ရ သည်ဟု အတွင်းရေးမှူး ပဒို့သောသီဖေက ဆိုပါသည်။

“ နစ်နာသူ ၁၈၀ ခန့် ရှိတဲ့ အထဲမှာ တရာကိုတော့ လျှော်ကြေး ရပြီးပါပြီး၊ ကျန်တဲ့ (၈၀) ခန့် အခုထိ မရသေးဘူး။ ပြီးတော့ ပေးပုံပေးနည်း ကလည်း အကြိမ်တရာ နီးပါးလောက် ပေးပြီးတော့ တခါပေးရင် နဲနဲဘဲ ပေးတတ်တယ်။ အဓိပ္ပါယ်ကငွေ ဆယ်သိန်း ရတဲ့ သူကို တကြိမ်လျှင် ကျပ်တသောင်းနှုန်း လောက်ဘဲ လာလာပေး နေတော့ အဓိပ္ပါယ်ကို မရှိတာ။ ဒါ ကြောင့် ဆန္ဒပြကြတာ ဖြစ်တယ်” ဟု ဆိုပါသည်။

ထားဝယ် - ကန်ချနပူရီ အဝေးပြေး ကားလမ်း ဖောက်လုပ်မှု စီမံကိန်းကို အီတာလျှံ-ထိုင်း ဖွံ့ဖြိုး တိုးတက်မှု အများပိုင် ကုမ္မဏီ လီမိတက် (Italian-Thai Development PCL-ITD) က ဖေါက်လုပ်ခြင်း ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ် ကတည်းက စတင် ဖေါက်လုပ် နေခြင်း ဖြစ်သည်။

ကုမ္ပဏီ၏ တနင်္သာရီတိုင်း ထားဝယ် ခရိုင် မေတ္တာမြို့နယ်ခွဲ လမ်းကြောင်းသည် အရှည် ၁၃၂ ကီလိုမီတာ ရှိပြီး မိုင်တိုင် (၄၀) မှ (၇၀) ကြားရှိ ကုမ္ပဏီ စခန်းချင်း သွားလာသည့် လမ်းကြောင်းကို ဒေသခံ များက သစ်တုံး၊ ၀ါးလုံး များဖြင့် ပိတ်ဆို့ ထားခြင်း ဖြစ်သည်ဟု ထားဝယ် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ ညှိနှိုင်းရေးမှူး ဦးသန့်ဇင်က ဆိုပါသည်။

ဤပြသနာ ဖြစ်လာ ရခြင်းမှာ အီတလျံထိုင်း ကုမ္ပဏီသည် ဒေသခံ များနှင့် ဆက်သွယ်နိုင်ရန် ယခင်က ကြားခံ အဖွဲ့ ဖွဲ့စည်း ထားပါသည်။ နောက်ပိုင်းတွင် ယင်းကြားခံ အဖွဲ့ကို ဖြုတ်လိုက် ပြီးနောက် ကုမ္ပဏီနှင့် ပြည်သူကြား ယခုကဲ့သို့ ထိပ်တိုက် ပြသနာ ဖြစ်လာ ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ထို့ကြောင့် ထိုပြသနာကို ဖြေရှင်းနိုင်ရန် ကုမ္ပဏီနှင့်ပြည်သူကြားဆက်သွယ်ရန် အတွက် ထားဝယ် ခရိုင် မေတ္တာမြို့နယ် ခွဲမှ ကမွန်းကွယ် ဒေသမှူး KNU ကိုယ်စားလှယ် ပဒို့ဖလောစိုးဝင်း အား ခန့်အ ပ်ထားရန် သဘောတူ ညီချက် ရရှိခဲ့သည် ဟု ဆိုပါသည်။

“ကုမ္ပဏီ ကတော့ မနှစ်က စာရင်း အတိုင်း (၃၈) ယောက်ပဲ ပေးဖို့ ကျန်တယ်လို့ ပြောတယ်။ ကျန် (၄၀) ကျော် ကိုတော့ သူတို့ စာရင်းမှာ ထည့်မထားဘူး။ အဲဒီတော့ ဖြစ်လာ တာက ဘယ်သူမှ လျော်ကြေး မရသေးတဲ့ ခြံရှင် (၈၀) ကျော်ကနေ အခုလို လမ်းပိတ်ဆို့ ထားလိုက်တာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

လျှော်ကြေးပေးသည့် စနစ်ကို ပြန်ကြည့် လျှင်လည်း ၂၀၁၀ မှ ၂၀၁၃ အထိ အရစ်ကျ လျော်ကြေး ပေးလာခဲ့သည်မှာ အကြိမ်ပေါင်း (၁၁၁)ကြိမ်ခန့် ပေးခဲ့ သလို လျော်ကြေး ပေးရာတွင်လည်း ကွမ်းသီးပင် ကဈေးတမျိုး၊ရာဘာပင်က ဈေးတမျိုးနှင့် အမျိုးမျိုး ဈေးနှိမ် ထားသမျှ ခံခဲ့ကြရသည်ဟု ဆိုပါသည်။

ဤကဲ့သို့ လမ်းပိတ်ဆို့ ထားသည် ဆိုသော်လည်း အရေးပေါ် ကိစ္စ၊ ရိက္ခာ ပို့ရန် ကိစ္စ ၊ အခြား စခန်းနှင့် ဆက်သွယ်ရန် အတွက်ကိုမူ ခွင့်ပြု ထားပါသည်။ ပြသနာကိုလည်း လာမည့် စက်တင်ဘာလ (၂၈) ရက်နေ့ မတိုင်ခင် ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆို ထားသည်ဟု အတွင်းရေးမှူး ပဒို့သောသီဖေက ဆိုပါသည်။

အကယ်၍ လိုက်နာခြင်း မရှိပါက ၄င်းတို့မြေပေါ်တွင် ခြံခတ်ပြီး သီးနှံများ ပြန်လည် စိုက်ပျိုး တော့မည်ဟု ကုမ္ပဏီကို တင်ပြ ထားပါသည်။

အီတာလျံထိုင်း ကုမ္ပဏီသည် ၂၀၁၀ လမ်းဖောက် လုပ်ခြင်း စီမံကိန်းကြောင့် ဒေသခံ ရွာသားများအား ကြိုတင် အကြောင်း ကြားခြင်း မရှိပဲမေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သဗြုချောင်း၊ ပျဉ်းသားတော၊ ရေပုတ်၊ သစ်ကတိုး ကျေးရွာ များ၏ အသက်မွေး ၀မ်းကြောင်း ဖြစ်သည့် ကွမ်းသီးခြံ၊ ရာဘာခြံများနှင့် သီဟိုခြံ ဥယျာဉ်များအား ပျက်စီး စေခဲ့သည်။


ဤအတွက် လျော်ကြေး ပေးမည်ဟု ကတိပြု ထားသော်လည်း ယနေ့ အချိန်ထိ ခြံရှင် (၈၀) ကျော်မှာ လျှော် ကြေး မရရှိခဲ့ သေးကြောင်း ဆိုပါသည်။ တကယ်မှာမူ လျှော်ကြေး ရသည့်ငွေနှင့် ပျက်စီး မှုများမှာ မတန်ကြောင်း ဆန္ဒအရ ဆုံးဖြတ် ရမည် ဆိုပါက ကားလမ်း ဖေါက်မှုကိုပင် လက်မခံကြောင်း ဒေသခံများက ဆိုပါသည်။

No comments: