Monday, September 23, 2013

သူရဦးရွှေမန်းနှင့် ရခိုင်အဖွဲ့အစည်းများ တွေ့ဆုံရန်ရှိ

ကေဇင်ဦး | တနင်္လာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၃

သယံဇာတခွဲဝေရရှိရေးနှင့် ပတ်သက်ပြီး တင်ပြရန် ပြင်ဆင်နေ

လာမည့် စက်တင်ဘာ ၂၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ရခိုင် အဖွဲ့အစည်းများမှခေါင်းဆောင်များ တွေ့ဆုံမည်ဖြစ်ပြီး တိုင်းရင်းသားများအတွက် သယံဇာတခွဲဝေခြင်း ဥပဒေပြုရေးနှင့် ပတ်သက်ပြီး တင်ပြရန် စီစဉ်နေသည်ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ၁၇မြို့နယ်မှ လူထုကိုယ်စားပြု ခေါင်းဆောင်များ၊ ရန်ကုန်ရောက် ရခိုင်လူမူ အဖွဲ့အစည်းများမှ ခေါင်းဆောင်များအပြင် ရခိုင်ပါတီများမှ ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သည်ဟု ဦးဇော်အေးမောင်က စက်တင်ဘာ ၂၂ တွင် မဇ္ဈိကို ပြောသည်။

တွေ့ဆုံပွဲမှ တစ်ဆင့် လွှတ်တော်ဆိုင်ရာ အကြံပြုချက်များ ရရှိနိုင်မည်ဟုမျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြား သည်။

အဆိုပါတိုင်းရင်းသား ခေါင်းဆောင် များနှင့် သူရဦးရွှေမန်းတို့သည် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုခန်းမ (ှုဃြ) တွင် တွေ့ဆုံမည် ဖြစ်သည်။

ဦးဇော်အေးမောင်က ““ရခိုင်ပြည်နယ်ရဲ့လိုအပ်ချက်တွေကတော့ အများကြီးပဲပေါ့။ ဒီအထဲမှာမှ ရခိုင်က သယံဇာတတွေ ခွဲဝေရရှိရေးအတွက် လွှတ်တော်က ဆောင်ရွက် နိုင်တဲ့ အခြေအနေတွေ တင်ပြရမှာပေါ့။ သယံဇာတခွဲဝေရရှိရေး ဥပဒေတစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ကတော့ မျှော်လင့်ပါတယ်။ ထပ်မံပြီး ဘာတွေ တင်ပြမယ်ဆိုတာကို ရခိုင်အဖွဲ့ အစည်းတွေ အနေနဲ့ ပြင်ဆင်နေပါတယ်။ သူဘက်က ဘာပြောမလဲဆို တာလဲကြည့်ရမှာပေါ့” ဟု မဇ္ဈိကို ပြောကြား သည်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှ ပြည်နယ်တစ်ခုလျှင် ကိုယ်စားပြုသုံးဦးစီ တက်ရောက်ကြရန် ဖိတ်ကြားထားပြီး ရန်ကုန်ရှိ မြို့နယ်ကိုယ်စားပြု အဖွဲ့အစည်းအများစုက တက်ရောက်ကြမည်ဟု ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကလည်း ပြောသည်။ ၎င်းက ““လွှတ်တော် ဥက်္ကဋ္ဌနဲ့ တွေ့မယ့် အချိန်မှာ ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းတွေအပြင် ဘူးသီးတောင်၊ မောင်တော ဒေသတွေက ကိုယ်စားလှယ်တွေ ကိုယ်တိုင် တက်ရောက်ရင် ပိုကောင်းမယ်”ဟု ဒေါ်ခင်စောဝေက မဇ္ဈိကို ပြောသည်။

ပြည်နယ်၊ တိုင်းဒေသကြီး ၁၄ ခုတွင် စီးပွားရေး၊ လူမှုရေး အပါအ၀င်အဖက်ဖက်မှ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသော ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ပြည့်စုံစွာ တင်ပြသွားမည်ဟု ရခိုင်သဟာရ အသင်းအတွင်းရေးမှူး ဦးသာမြကျော်ကပြောသည်။

ယင်းတွေ့ဆုံပွဲတွင် ခေါင်းစဉ်သုံးခုဖြင့် အဓိက ဆွေးနွေးရန် လျာထားပြီး ရခိုင် ပြည်နယ်လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနှင့် လူငယ်များ စွမ်းရည်မြှင့်တင်ရေးကိစ္စများ ဆွေးနွေးကြမည်ဖြစ်သည်ဟု ရခိုင်အမျိုးသား တိုးတက်ရေးပါတီမှ သိရသည်။

သယံဇာတများ ခွဲဝေရရှိရေးအတွက် ပြည်တွင်းမှ ထွက်ရှိသောသဘာဝ သယံဇာတများကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်း ထုတ်လုပ်ရာတွင် တိုင်းရင်းသားများအား ခွဲဝေပေးရေးအတွက် ““မြန်မာနိုင်ငံ သယံဇာတ အကျိုးခံစားခွင့် ခွဲဝေပေးရေး ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင် ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က သြဂုတ်လအတွင်းက ပြောထားခဲ့သည်။

No comments: