Monday, September 23, 2013

International Herald Tribune ကို မြန်မာပြည်တွင် စတင် ပုံနှိပ်ဖြန့်ချိ

ကျော်ဖြိုးသာ

International Herald Tribune (IHT) သတင်းစာကို မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်နေ့မှ စတင်၍ ပုံနှိပ်ဖြန့်ချိ တော့မည် ဖြစ်သောကြောင့် ကမ္ဘာ၏ တခြားသော အရပ်ဒေသများလိုပင် ရန်ကုန်မြို့နေ လူများလည်း မနက်ခင်းတွင် ကော်ဖီသောက်ရင်း ဖတ်နိုင်တော့မည် ဖြစ်သည်။

အရင်က မှာယူဖတ်ရှုကြသည့် ရန်ကုန်က လူများမှာ IHT ကို နေ့လယ်စာ စားပြီးချိန်မှ ဖတ်ရသည်။ တခါတရံ ဒီထက် နောက်ကျသည်။

သို့သော် ယခုတပတ် တနင်္လာနေ့မှ စတင်၍ ရန်ကုန်မှာ စတင်ပုံနှိပ်တော့မည် ဖြစ်ရာ ရန်ကုန်က IHT သတင်းစာ ပရိသတ် များအတွက် နေ့လယ်အထိ သည်းခံ စောင့်ဆိုင်းစရာ မလိုတော့ပါ။

“စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး စာဖတ်သူတွေ IHT သတင်းစာကို မနက်စာ စားချိန်မှာကျေနပ်နှစ်သိမ့်စွာ ဖတ်နိုင် ကြပါပြီ” ဟု မြန်မာနိုင်ငံတွင် IHT ကို ပုံနှိပ်ဖြန့်ချိရန် မိခင်ကုမ္ပဏီ The New York Times ဆီကရော၊ မြန်မာအစိုးရဆီကပါ ခွင့်ပြုချက် ရရှိ ခဲ့သည့် Success International Publisher’s Distributor Co.,Ltd ပိုင်ရှင် ဦးမျိုးအောင်က ပြောသည်။

IHT ကို မြန်မာနိုင်ငံတွင် တပတ်လျှင် ခြောက်ရက် ရိုက်နှိပ် ဖြန့်ချိမည် ဖြစ်သည်။

“ကျနော် သိသလောက် ပြောရမယ် ဆိုရင်တော့ ဒါက နိုင်ငံတကာ သတင်းစာ တစောင်ကို မြန်မာနိုင်ငံမှာ ပထမဆုံး ပုံနှိပ် ဖြန့်ချိတာ ဖြစ်လာပါလိမ့်မယ်” ဟုလည်း ဦးမျိုးအောင်က ဆိုသည်။

IHT ကို အာရှနိုင်ငံ တဒါဇင်ကျော်တွင် ပုံနှိပ်ဖြန့်ချိနေပြီး မြန်မာနိုင်ငံက နောက်ဆုံးအနေဖြင့် ပါဝင်လာခြင်းဖြစ်သည်။ သတင်းစာ၏ မျက်နှာဖုံး စာမျက်နှာတွင် “မြန်မာပြည်တွင် ပုံနှိပ်သည်” ဆိုသည့် စာသားကို ထင်ရှားစွာ ထည့်သွင်းဖော်ပြ ထားမည်ဟု သိရသည်။

ဦးမျိုးအောင်က IHT ကို ၁၉၉၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် စတင်ဖြန့်ချိခဲ့သူ ဖြစ်သည်။ သတင်းစာများကို လက်ကားဈေးနှင့် ၀ယ်ယူတင်သွင်းပြီး လက်လီ ဈေးနှုန်းနှင့် မြန်မာနိုင်ငံအတွင်းတွင် ပြန်လည် ရောင်းချသည်။ မနက်ခင်းတိုင်း ဘန်ကောက်မှ လေယာဉ်နှင့် ရောက်လာမည့် သတင်းစာများကို လေဆိပ်တွင် သွားရောက် ထုတ်ယူရသည်။ ယခင်က ရန်ကုန် လေဆိပ်မှ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ၊ လေယာဉ်နောက်ကျမှုများနှင့် စာပေစိစစ်ရေးအဖွဲ့သို့ နေ့စဉ် တင်ပြကာ ခွင့်ပြုချက် တောင်းခံနေရခြင်းတို့ကြောင့် သတင်းစာများကို စာဖတ်သူများထံသို့ မနက်ပိုင်းတွင် အရောက်ပို့နိုင်ရန် မဖြစ်နိုင်ခဲ့ပေ။

“အခု ဒီမှာပုံနှိပ်နိုင်ပြီ ဆိုတော့ ကျနော်တို့ ဒီလိုပြဿနာတွေကို ထည့်စဉ်းစားစရာ မလိုတော့ဘူး” ဟု ဦးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။ ရန်ကုန်က လပေး ၀ယ်ယူဖတ်ရှုသူများထံသို့ မနက်စောစော ရောက်အောင် ဖြန့်ချိပေးမည် ဖြစ်ပြီး နေပြည်တော်နှင့် မန္တလေးမြို့များကို မွန်းလွဲပိုင်းတွင် ဖြန့်ဝေပေးနိုင်မည် ဟုလည်း သူက ထပ်ပြောသည်။

ဆေးရောင်စုံနှင့် ရိုက်နှိပ်ခြင်း မပြုနိုင်သည်ကလွဲ၍ မြန်မာနိုင်ငံတွင် ဖြန့်ချိသည့် IHT သတင်းစာသည် တခြားနိုင်ငံများတွင် ဖြန့်ချိသော IHT သတင်းစာ များနှင့် များစွာ ကွာခြားမှု ရှိလိမ့်မည် မဟုတ်ဟုလည်း သူက ဆိုသည်။

နည်းပညာ ဆိုင်ရာ အခက်အခဲများ ရှိနေသည့် အတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြန့်ချိသည့် IHT သတင်းစာ ကိုလည်း အဖြူအမည်း နှင့်ပင် ထုတ်ဝေသည်ဟု သိရသည်။

“ဒါပေမယ့် ပါဝင်တဲ့ ကဏ္ဍတွေကတော့ တူတူပါပဲ” ဟု ဦးမျိုးအောင်က ဆိုသည်။

ဆေးရောင်စုံ ပုံနှိပ်ခြင်းမပြုသည့် အတွက် ထုတ်လုပ်ရေး ကုန်ကျစားရိတ်ကို လျှော့ချနိုင်ပြီး ယခုရောင်းနေသည့် လက်လီဈေး တစောင်လျှင် အမေရိကန် ၄. ၅ ဒေါ်လာ (မြန်မာငွေ ကျပ် ၄၃၀၀ ခန့်) ထက် ပိုမိုချိုသာစွာ ရောင်းချနိုင်သည့် အားသာချက် ရှိလာသည်ဟု သူက ရှင်းပြသည်။

ရန်ကုန်တွင် ပုံနှိပ်မည့် သတင်းစာ၏ ဈေးနှုန်းကို အတိအကျ မသတ်မှတ်ရသေးကြောင်းလည်း သိရသည်။

သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အမှုဆောင် အရာရှိများနှင့် ဟိုတယ်များက မှာယူဖတ်ရှုကြသည်ဟု ဦးမျိုးအောင်က ပြောသည်။

ရန်ကုန်တွင် ပုံနှိပ်သော IHT ကို ပထမဦးဆုံး အနေဖြင့် လပေးမှာယူထားသူများကို သာဖြန့်ချိသွားနိုင်ဦးမည် ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံခြားသားများ အဝင်အထွက် များသည့် ဒေသများတွင် ရောင်းချသွားမည်ဟု သိရသည်။

“အမှန်အတိုင်း ပြောရရင် မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ်ဝေနေတဲ့ တခြား သတင်းစာတွေလောက် IHT က စောင်ရေ မများပါ ဘူး၊ ဒါပေမယ့် နောက်ပိုင်း မှာတဲ့သူ အရေအတွက်တိုးလာရင်တော့ အဆင်ပြေသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဦးမျိုးအောင်က ဆိုသည်။

ထို့အပြင် IHT ကို International New York Times အမည်သို့ အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်ကာ တကမ္ဘာလုံးတွင် နာမည် ပြောင်းလဲသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အသားပေး ဖော်ပြသည့် ကဏ္ဍ တရပ်လည်း နောက်ပိုင်းတွင် ပါဝင်လာမည်ဟု သိရသည်။

ယခုအချိန်တွင် စာပေစိစစ်ရေးအဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီဖြစ်သဖြင့် အခက်အခဲများစွာ တွေ့ကြုံရတော့မည် မဟုတ် ဟုလည်း ဦးမျိုးအောင် မျှော်လင့်နေသည်။ ယခင်က ဆိုလျှင် တချို့နေ့များတွင် မြန်မာနိုင်ငံမှ အခြေအနေများနှင့် ပတ်သက်၍ စာပေစိစစ်ရေးက လက်မခံနိုင်စရာ သတင်းတပုဒ် ကိုတွေ့ရှိခဲ့ပါက ည ၇ နာရီ ရောက်သည့်တိုင်အောင် သတင်းစာ မဖြန့်ဝေနိုင်သေးသည့် အဖြစ်မျိုးများ တွေ့ကြုံခဲ့ရသည်ဟု သူက ပြန်ပြောပြသည်။

သတင်းတပုဒ်ကို မြန်မာနိုင်ငံသားများ ဖတ်ရှုရန် မသင့်လျော်ဟု အာဏာပိုင်များက ဆုံးဖြတ်လိုက်လျှင် ထိုသတင်း ပါဝင်သော စာမျက်နှာကို သတင်းစာ အစောင်တိုင်းတွင် လက်နှင့် လိုက်လံ ဖြတ်ထုတ်ရသည် ဟု ဦးမျိုးအောင်က ဆိုသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဏာပိုင်များ မနှစ်သက်သည့် အရေးအသား ပါဝင်သော သတင်းကို မျက်နှာဖုံးအဖြစ် တင်လာလျှင် ထိုနေ့အတွက် သတင်းစာကို ဖြန့်ချိခွင့် မပေးဘဲ ပိတ်ပစ်ခြင်းခံခဲ့ရဖူးကြောင်း သိရသည်။

“ကျနော် လုပ်နိုင်တာကတော့ မှာဖတ်တဲ့သူတွေကို တောင်းပန်တာပဲ ရှိတော့တယ်။ ဘုရားသခင် ကျေးဇူးကြောင့် သူတို့ထဲက အများစုဟာ မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေး အကြောင်းကို နားလည်တဲ့ နိုင်ငံခြားသားတွေ ဖြစ်နေတယ်” ဟု ဦးမျိုးအောင်က ပြန်ပြော ပြသည်။

သို့သော်လည်း အခက်အခဲ တခုတော့ရှိနေသေးသည်ဟု ဦးမျိုးအောင်က ဆိုသည်။ မြန်မာနိုင်ငံတွင် အင်တာနက်က မကြာ ခဏ ပြတ်တောက်တတ်ပြီး မြန်နှုန်းကလည်း ခရုတကောင်ကဲ့သို့ နှေးကွေးသောကြောင့် နေ့စဉ်နေ့တိုင်း ပုံမနှိပ်မီ သတင်းစာကို အင်တာနက်မှ PDF ဖိုင် အဖြစ်ကူးယူသည့် အချိန်တွင် အင်တာနက် နှေးကွေးခြင်း၊ လိုင်း ပြတ်တောက်ခြင်း များက ဦးမျိုးအောင်အတွက် ကြီးမားသည့် အခက်အခဲများ ဖြစ်လာနိုင်သည်။

“အဲဒါက ကျနော့်အတွက် တကယ်ကို ခေါင်းခဲစရာပဲ။ တကယ်လို့ အင်တာနက်က လုံးဝ ပြတ်နေတယ်ဆိုရင် ဘန်ကောက် ကနေ ပို့ပေးဖို့ လှမ်းမှာပြီး ဒီမှာဖြန့်ရတော့မယ်။ အဲဒါဆိုရင် တရက်နောက်ကျပြီး နောက်တနေ့မှ ဖြန့်ရတော့မယ်” ဟု ဦးမျိုးအောင်က ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကလည်း IHT ကို မြန်မာနိုင်ငံတွင် ပုံနှိပ် ထုတ်ဝေခြင်းအပေါ် ကြိုဆိုကြောင်း ပြောသည်။ အသက် ၈၃ နှစ်ရှိပြီဖြစ်သော ၀ါရင့် သတင်းစာဆရာကြီးက သူ့ အနေဖြင့် ပုံနှိပ် သတင်းစာ ဖတ်ရသည်ကို ပိုသဘောကျကြောင်း၊ အင်တာနက် ဆိုသည်မှာ သူနှင့် အလှမ်းကွာနေ၍ ဖြစ်ကြောင်း သူက ဆိုသည်။

“မျက်မှောက် ကမ္ဘာမှာ ဘာတွေဖြစ်နေသလဲ ဆိုတာ လေ့လာချင်တဲ့ လူတိုင်း အတွက်ကောင်းပါတယ်။ International Herald Tribune က နိုင်ငံတကာရေးရာ ကိစ္စတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးတယ်လေ။ ဒါပေမယ့် နိုင်ငံတကာ သတင်းစာ တစောင် ဖြစ်နေတော့ ဈေးနှုန်းက သိပ်သက်သာမယ် မဟုတ်ဘူးလို့တော့ ကျနော်ထင်တယ်” ဟု ဦးဝင်းတင်က ဆက်ပြောသည်။

No comments: