Tuesday, September 17, 2013

ဆက်သွယ်ရေးနည်းဥပဒေ ထွက်ရှိမှ အော်ပရေတာများကို လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးမည်

ချိုကို | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၃

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများ လုပ်ပိုင်ခွင့်ရရှိသော ပြည်တွင်းပြည်ပ အော်ပရေတာများကို လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရန်အတွက် ဆက်သွယ်ရေးနည်းဥပဒေထွက်ရှိပြီးမှ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ရှိ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က “အော်ပရေတာတွေရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ဆက်သွယ်ရေး နည်းဥပဒေထွက်ပြီးမှ စတင်ချထားပေးမှာပါ”ဟု မဇ္ဈိမကို ပြောကြားခဲ့သည်။

လက်ရှိတွင် ဆက်သွယ်ရေးဥပဒေကို လွှတ်တော်ကအတည်ပြုထားပြီးဖြစ်သော်လည်း သမ္မတက လက်မှတ်ရေး ထိုးရန် ကျန်ရှိနေသေးသည်။ ဆက်သွယ်ရေးဥပဒေထွက်ပြီးပါက ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေထွက်ရှိ ရမည် ဖြစ်သည်။

ဦးသန်းထွန်းအောင်က “ဆက်သွယ်ရေး ဥပဒေကမကြာခင် အတည်ပြုတော့မယ်။ ဥပဒေထွက်လာပြီးရင် နည်း ဥပဒေကို ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိနိုင်အောင် လုပ်ရမယ်။ နည်းဥပဒေပိုင်းကိုလည်း ရေးဆွဲမှု တွေလုပ်နေပါပြီ။ ဒါပေမဲ့ ဆက်သွယ်ရေး ဥပဒေထွက်လာပြီးတဲ့အခါ ဘယ်လိုအချက်တွေ ပြုပြင်ထားမလဲဆိုတာ မသိသေးဘူး။ အဲဒီ့ ပြုပြင်မယ့် အချက်တွေရှိရင် နည်းဥပဒေမှာ ပြင်ဆင်ရေးဆွဲမှုလုပ်ဖို့ လိုသေးတယ်။ မကြာပါဘူး နည်းဥပဒေ ထပ်မံ ထွက်ရှိလာနိုင်မှာပါ”ဟု ပြောသည်။

ဆက်သွယ်ရေး အော်ပရေတာလုပ်ပိုင်ခွင့် လိုင်စင်ရရှိထားသည့် ကုမ္ပဏီများဖြစ်သည့် တယ်လီနော် (Telenor)က လုပ်ပိုင်ခွင့်လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းကတ်များ စတင်ရောင်းချပေးသွား မည်ဟုဆိုပြီး Ooredoo ကလည်း လိုင်စင်ရပြီး ခြောက်လအတွင်း မိုဘိုင်းဆင်းကတ်များ စတင်ရောင်းချ ပေးမည်ဟုဆိုသည်။

လက်ရှိတွင် ဆက်သွယ်ရေးဥပဒေမှာ အတည်ပြုပြဋ္ဌာန်းရခြင်းမရှိသေးဘဲ နည်းဥပေဒမှာလည်း ရက်ပေါင်း ၉၀ ခန့် (သုံးလ) ထပ်မံကြာမြင့်နိုင်မည် ဖြစ်သည်။ထို့ကြောင့် ပြင်ပအော်ပရေတာများ မိုဘိုင်းဆင်းကတ် စတင်ရောင်းချ နိုင်ရန်အတွက် ဆယ်လခန့်ကြာမြင့်နိုင်မည် ဖြစ်သည်။

ဆက်သွယ်ရေး အော်ပရေတာ လုပ်ပိုင်ခွင့်လိုင်စင်ရရှိထားသည့် ပြည်တွင်းအော်ပရေတာနှစ်ခုကလည်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်ရာတွင် အဓိက စိန်ခေါ်မှုများရှိနေသည်ဟု ပြောသည်။

ပြည်တွင်းအော်ပရေတာတစ်ခုဖြစ်သည့် ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက “ကျွန်တော် တို့မှာ အရည်အချင်းပြည့်ဝတဲ့ နည်းပညာရှင်၊ အခြေခံအဆောက်အအုံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုစတဲ့ စိန်ခေါ်မှုတွေ များစွာရှိနေပါတယ်။ ရတနာပုံတယ်လီပို့အနေနဲ့ ပူးပေါင်းလုပ်ကိုင်မယ့် ပါတနာတွေလည်း လိုအပ်နေပါတယ်”ဟု စက်တင်ဘာ ၁၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် Myanmar Connec ၂၀၁၃ တွင် ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ပအော်ပရေတာများအနေဖြင့် မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ပါက ပြည်တွင်းရှိ တခြားစီးပွားဖက်ကုမ္ပဏီများနှင့်ပါ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း၊ သို့မှသာ ပြည်တွင်း၌ ရေရှည်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာရှိ စီးပွားရေးပညာများက Myanmar Connec ၂၀၁၃တွင် ထောက်ပြဆွေးနွေးအကြံပြုခဲ့သည်။

ပြည်တွင်း သုံးစွဲသူများကလည်း ဆက်သွယ်ရေးအော်ပရေတာ လုပ်ပိုင်ခွင့်လိုင်စင်ရရှိထားသည့် ကုမ္ပဏီ များကဈေးသက်သက်သာသာဖြင့် ဆင်းကတ်များ ရောင်းချရန်မျှော်လင့်နေကြသည်။

No comments: