Saturday, September 21, 2013

ယမန်နှစ် ငြိမ်းချမ်းရေးနေ့က အရေးယူခံရသူများ အမှုမပြီးပြတ်သေးသော်လည်း ယခုနှစ် ဆက်လှုပ်ရှားမည်

ဖိုးစိုးသူ

၂၀၁၂ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တက်ကြွလှုပ်ရှားခဲ့သူများအား ပုဒ်မ၁၈ဖြင့် တရားစွဲဆိုခံထားရရာ ယနေ့အချိန်ထိ အမှုမပြီးပြတ်သေးသော်လည်း ယခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပါဝင်လှုပ်ရှားမည်ဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများက ပြောသည်။

“ဒီနှစ်မှာလည်း လမ်းလျှောက်ဖို့အတွက် မြို့နယ်လေးခုကို ခွင့်ပြုချက်ရထားပြီးပြီ။ မနှစ်ကတော့ ခွင့်ပြု ချက်မရခဲ့လို့ တရားစွဲခံခဲ့ရတယ်။ ဒီနှစ်မှာတော့ တရားစွဲမခံရလောက်တော့ပါဘူး။ မနှစ်ကအမှု မပြီးပြတ်သေးလည်း ငြိမ်းချမ်းရေး အတွက် ဆက်ပြီး လှုပ်ရှားရဦးမှာပါ”ဟု ပြီးခဲ့သည့်နှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့တွင် မြို့နယ် ၁၀ ခုမှ တရားစွဲဆိုမှုကို ခံထားရသော မျိုးဆက်သစ်လူငယ်များအဖွဲ့ (Generation Waves)မှ ကိုမိုဃ်းသွေးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့်နှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြို့နယ် ၁၀ ခု၌ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ငြိမ်းချမ်းရေးအတွက် လှုပ်ရှားသူများဖြစ်သော ကိုဂျော်ဂွန်း၊ ဒေါ်မေစံပယ်ဖြူ၊ ကိုကျော်ကျော်ဘို၊ မခင်စန္ဒာ ညွန့်၊ မဖွေးယုမွန်၊ ကိုမိုဃ်းသွေး၊ ကိုနေမျိုးဇင်၊ ဦးဝင်းချိုနှင့် ကိုဝေဠုတို့ ကိုးဦးအား သက်ဆိုင်ရာမြို့နယ် အသီးသီးတွင် ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။

“နိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လိုလားတဲ့ လူတွေကို ပုဒ်မ ၁၈ နဲ့ တရားစွဲ တယ်ဆိုတာ မဖြစ်သင့်တော့ဘူးလို့ ထင်ပါတယ်။ အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေး လုပ်ဆောင်တဲ့နေရာမှာ တစ်ကွက် ချန်ရင်တစ်ကွက်တော့ လစ်ဟာမှုရှိနေမှာပဲ”ဟု ကိုဂျော်ဂွန်းကပြောသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (စက်တင်ဘာလ၂၁ရက်)တွင် ငြိမ်းချမ်းရေး လိုလားသော အရပ်ဘက် အဖွဲ့အစည်း ၆၀ ကျော်မှ မြို့နယ် ရှစ်မြို့နယ်တွင် လမ်းလျှောက်ရန်အတွက် စီစဉ်ထားပြီး ကြည့်မြင်တိုင်၊ကျောက်တံတား၊ စမ်းချောင်း၊ လမ်းမတော်မြို့နယ် လေးခုတွင် ခွင့်ပြုချက်ရထားပြီး ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ပြည်တွင်းတွင် ကျင်းပရန်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများကကော်မတီ တစ်ရပ်ကို ဇူလိုင်၂၉ရက်တွင် ဖွဲ့စည်းခဲ့သေးသည်။

No comments: