Saturday, September 21, 2013

ရှမ်းပြည်နယ် အပစ်ရပ် အဖွဲ့များနှင့် ၀န်ကြီး ဦးအောင်မင်း တွေ့ဆုံ

အဲာပိုန်

ယနေ့မွန်းလွဲ ၂ နာရီမှ ၄ နာရီ အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဒုတိယ ဥက္ကဌ ဦးအောင်မင်းသည် ရှမ်းပြည်နယ်ရှိ အပစ်ရပ် အဖွဲ့ (၃) ဖွဲ့အား တောင်ကြီး ဟိုတယ်တွင် ခေါ်ယူ တွေ့ဆုံ ခဲ့သည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ဆိုပါသည်။

“ ကျနော်တို့ ကတော့ ၀န်ကြီး ကိုတွေ့တဲ့ အစီစဉ် မဟုတ်ဘူး။ နက်ဖြန် ကျင်းပတဲ့ ရှမ်းကယားမွန် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို လာတက်တာပါ။ အဲဒါ ၀န်ကြီးက တွေ့ချင်လို့ ဆိုပြီး ဖိတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ဝန်ကြီး ဦးအောင်မင်းသည် အထူးသဖြင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ ကျင်းပ ရသည့် ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါသည်။ ဤသို့ကြောင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ပြီးပြတ်အောင် ဆောင်ရွက် သွားကြဖို့ ပန်ကြား သွားခဲ့ပါ သည်။

ဤကဲ့သို့ ၀န်ကြီးဖက်မှ တင်ပြ သွားသဖြင့် RCSS နှင့် ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) အဖွဲ့ ကလည်း အချက် (၃) ချက် တင်ပြ ခဲ့ပါသည်။ (က) တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေခြင်း ကိစ္စ။ (ခ) တပြည်လုံး အပစ်အခတ် ရပ်စဲလ် ကျွတ်ထိုး ပွဲတွင် အဖွဲ့ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ပါဝင်နိုင်ရေးနှင့် (ဂ) လက်မှတ် ထိုးသည့် အဆင့်ရောက်သည် အထိ အာမခံချက် ရှိသော နိုင်ငံရေး ဆွေးနွေး ညှိနှိုင်း မှုများ ဆောင်ရွက်ပေးရန် တင်ပြ ကြပါသည်။

ထို့အတူ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ကိုယ်စားလှယ် များကမူ တိုက်ပွဲများ ပြင်းထန် လာနေသည်ကို အရှိန်လျှော့ချ ပေးရန် တင်ပြ ခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သော ကိုယ်စားလှယ် များမှာ SSPP မှ ဗိုလ်မှူး တဇက်တူး၊ ဗိုလ်မှူး နော်လစ်နှင့် ဗိုလ်ကြီး စိုင်းဖုန်းဟန်နှင့် ကိုယ်ရေး အရာရှိ တဦး တက်ရောက် ခဲ့ပါသည်။ RCSS ကိုယ်စားလှယ် များမှာ ဗိုလ်မှူး ချုပ်ပေါင် ခေးဦး ဆောင်ပြီး၊ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းနှင့် အတိုင်ပင်ခံ စောဝ်ပင်ခမ်းတို့ တက်ရောက် ခဲ့ပါသည်။ PNLO ကိုယ်စားလှယ်များမှာ ဗိုလ်မှူးကြီး ခွန်သူရိန်နှင့် အဖွဲ့ဝင် (၃) ဦးတို့က တက်ရောက် ခဲ့ပါသည်။

အစိုးရ ကိုယ်စားလှယ် များမှာမူ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး ၀န်ကြီး ဦးခင်မောင်စိုး အပါအ၀င် နည်းပညာ အထောက် အကူပြု အဖွဲ့များ တက်ရောက် ခဲ့ပါသည်။


ဤအဖွဲ့သည် နက်ဖြန် ကျင်းပသည့် တောင်ကြီးမြို့  ရှမ်းကယား မွန် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေကြခြင်း ဖြစ်ပါသည်။

ဝန်ကြီးသည် အစိုးရက သဘောတူ ထားသည့် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခြင်းနှင့် ပြည်ထောင်စု အဆင့် သဘော တူညီချက်များကို ပစ်ပယ်ပြီး မူအသစ် ဖြစ်သည့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အစီစဉ်ကို လိုက်လံရှင်းပြ နေခြင်း ဖြစ်ပါသည်။ ဤမူကို ပြီးခဲ့သည့် စက်တင်ဘာ လဆန်းမှ စပြီး အစိုးရ နည်းပညာ အထောက် အကူပြု အဖွဲ့များက တိုင်းရင်းသား အပစ်ရပ် အဖွဲ့များအား လိုက်လံ ရှင်းပြနေခြင်း ဖြစ်ပါသည်။

No comments: