Monday, September 2, 2013

ရမ်းဗြဲတွင် တစ်ကိုယ်တော်ဆန္ဒပြမှုအပြီး တာဝန်ကျဆရာဝန်များ တာဝန်ပြန်လည်ထမ်းဆောင်မည်

သိန်းလှိုင် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၂ ရက် ၂၀၁၃

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ တိုက်နယ်ဆေးရုံနှစ်ခုတွင် လိုအပ်လျက်ရှိနေသော ဆရာဝန်များကို အမြန်ဆုံး ခန့်ထားပေးရန် တစ်ကိုယ်တော်ဆန္ဒပြမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် ယခင်ကပင်ခန့်ထားခဲ့သည့် တာဝန်ကျ ဆရာဝန်များမှာ သက်ဆိုင်ရာဆေးရုံများတွင် တာဝန် ပြန်လည်ထမ်းဆောင်မည်ဟု ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းကပြောသည်။

သြဂုတ်လ ၃၀ ရက်ကရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်နှင့် စကုတိုက်နယ်ဆေးရုံများသို့ ဆရာဝန် အမြန် ချပေးရေးအတွက် ရမ်းဗြဲမြို့ပေါ်နှင့် ရမ်းဗြဲ-လေးတောင်ကားလမ်းရှိ ကျေးရွာများ၌ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ မြို့နယ်အတွင်းရေးမှူးဖြစ်သူ ဦးထွန်းထွန်းဦးက ဆန္ဒပြခဲ့သည့်ဖြစ်စဉ်ကို ရည်ညွှန်းကာဒေါက်တာအေးငြိမ်းက မဇ္ဈိမကို ပြောဆိုလိုက်ခြင်းဖြစ်သည်။

“လေးတောင်ဆေးရုံ တာဝန်ကျဆရာဝန်က ဘွဲ့လွန်သင်တန်းတက်နေလို့ စစ်တွေဆေးရုံက ဆရာဝန်တစ်ဦးကို အဲဒီဆေးရုံမှာ နှစ်လလောက်ယာယီတာဝန်ထမ်းဆောင်ပေးဖို့ သြဂုတ်၂၈ ကထဲက စေလွှတ်ထားပြီး ဖြစ်ပါတယ်။ မိုးကုတ်ကဆရာဝန်ကလည်း သူတာဝန်ကျရာ စကုဆေးရုံကို အခုလာနေပါပြီ” ဟု ဆိုသည်။

ဆန္ဒပြတောင်းဆိုထားသည့်လေးတောင် တိုက်နယ်ဆေးရုံအတွက် ဆရာဝန်မှာ စစ်တွေမြို့မှ ဒေါက်တာ ၀င်းနိုင်စိုးဖြစ်ပြီး၊ စကုဆေးရုံအတွက် ဆရာဝန်မှာ မိုးကုတ်မြို့မှ ဒေါက်တာဝင်းမင်းဦးတို့ ဖြစ်သည်ဟု ရမ်းဗြဲမြို့နယ် ကျန်းမာရေးဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး၏ သြဂုတ်၂၄ ရက်ခွင့်ပြုချက်အရ ဆန္ဒပြခဲ့သူ ဦးထွန်းထွန်းဦးက “ခွင့်ပြုမိန့်ပေးပြီးတဲ့နောက်လေးတောင်ဆေးရုံအတွက် အရေးပေါ်စီစဉ်လိုက်ပုံရတယ်။ ဒါပေမဲ့ အဲဒီဆရာဝန်ကလည်း အခု ထိရောက်မလာသေးဘူးဗျ” ဟု စက်တင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ထိုဆေးရုံများမှာ ၂၀၁၁/၁၂ ခုနှစ်မှစ၍ ဆရာဝန်ကင်းမဲ့နေခဲ့ရပြီး၊ မြို့နှင့်အလှမ်းဝေးကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများဖြစ်၍ လူနာများကို မြို့ဆေးရုံသို့ ပို့ဆောင်ကုသရာတွင်လည်း ငွေကြေး အပါအ၀င် အခက်အခဲများရှိခြင်းကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရသည့် လူနာများရှိနေသောကြောင့် ဆန္ဒပြခဲ့ခြင်းဟုလည်း ဦးထွန်းထွန်းဦးကပြောသည်။

လေးတောင်တိုက်နယ်သည် ရမ်းဗြဲမြို့မှ ၁၆ မိုင်ခန့်ကွာဝေးပြီး၊ စကုတိုက်နယ်မှာမြို့မှ မိုင်၂၀ ကျော်ခန့် ကွာဝေး သည်။ ကျေးလက်ဒေသဆေးရုံများတွင် ဆရာဝန်ချထားပေးရန် လွန်ခဲ့သည့်ဇွန်လက တောင်ကုတ်မြို့နယ်၊ မအီမြို့ ၌လည်း NLD ပါတီဝင်တစ်ဦး တစ်ကိုယ်တော်ဆန္ဒပြခဲ့ရာ၊ နောက်နေ့တွင် အဆိုပါ မြို့နယ်မှ မအီနှင့် ရွာမ တိုက်နယ်ဆေးရုံများသို့ ဆရာဝန်များချပေးခဲ့ဖူးသေးသည်။

ရခိုင်ပြည်နယ် ဆရာဝန်လိုအပ်ချက်နှင့်စပ်လျဉ်း၍ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးငြိမ်းက “ရခိုင်မှာ အနည်းဆုံး ဆရာဝန် ၁၇၀ ခန့်လိုအပ်နေပြီး၊ ယင်းလိုအပ်ချက်အပေါ် နိုင်ငံတော်သမ္မတက လိုအပ်နေသည့် ဆရာဝန်များကို မိမိတို့ဒေသ၏ အစီအစဉ်ဖြင့် ခေါ်ယူနိုင်ပြီး၊ နိုင်ငံတော်က လစာနှင့်ခန့်ပေး သွားမည်” ဟု မှာကြား ထားသည်ဟု ဆိုသည်။

သို့သော် NGO တွေမှာထက်လုပ်ခလစာ အရမ်းနည်းနေပြီး၊ မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်တွေမှာ ထမ်းဆောင်ကြမယ့် ဆရာဝန်တွေကို ရနိုင်ဖို့ဆိုတာကတော့ လက်တွေ့မှာမလွယ်ပါဘူးဗျာ” ဟု သူကပင် မှတ်ချက်ပြုခဲ့သည်။

လက်ရှိ နိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံများတွင် လက်ထောက်ဆရာဝန်များအပါအ၀င် အနည်းဆုံး ဆရာဝန်စုစုပေါင်းနှစ်ထောင်ကျော်ကို လိုအပ်ဆဲဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။

ထို့အတူ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလည်း နိုင်ငံ၏ ဆေးတက္ကသိုလ်များမှ ဆရာဝန်စုစုပေါင်း ၃၁၀,၀၀ ကို မွေးထုတ်ပေးခဲ့သော်လည်း လေးပုံတစ်ပုံခန့်သာ အစိုးရ၀န်ထမ်းအဖြစ်ထမ်းဆောင်ကြပြီး၊ အများစုမှာပြင်ပဆေးကုသမှုလုပ်ငန်း General Practice ဖြင့်သာ ဆောင်ရွက်နေသည်ဟု ဇူလိုင် ၂၉ ရက်က ကျန်းမာရေး ၀န်ကြီးဌာန၏ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

No comments: