နိရဉ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့ အထက်တန်းကျောင်းမှ ဆရာမ နှစ်ဦးသည် အပြစ်ပေး ကျောင်းပြောင်းရွှေ့ခံရသည်ကို မကျေနပ်သဖြင့် ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထိန်လင်းထံသို့ သြဂတ်စ်လ (၂၆) ရက်နေ့က စာရေး တိုင်ကြားလိုက်ကြောင်း သတင်း ရရှိသည်။
စာရေး တိုင်ကြားသူ ဆရာမ (၂) ဦးမှာ ဒေါ်ဖြူဖြူအေး (အလပြ) နှင့် ဒေါ်ခင်သန်းဝင်း (အလပြ) တို့ ဖြစ်ကြသည်။ အပြစ်ပေး အရေးယူရာတွင် တစ်စုံတစ်ရာ စစ်ဆေးမူ မရှိခဲ့သည့် အပေါ် မကျေနပ်သဖြင့် တိုင်ကြားခြင်း ဖြစ်သည်ဟု သူတို့က ဆိုသည်။
ဆရာမ ဖြူဖြူအေး (အလပြ) သည် ပေါက်တောမြို့ အထက်တန်းကျောင်းမှ ဆရာမကြီး ဒေါ်ထွေးတင်အား ကြမ်းတမ်း ညစ်ညမ်းသော စကားများဖြင့် ဆဲဆိုကြောင်း တိုင်ကြားရာမှ ကျောင်းပြောင်းရွှေ့ခံရခြင်းဖြစ်ပြီး ဒေါ်ခင်သန်းဝင်းမှာ ခွင့်မဲ့ ပျက်ကွက်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးတင်မှ တိုင်ကြားသဖြင့် ကျောင်းပြောင်းရွှေ့ခံရသည်ဟု သိရသည်။ ၎င်းဆရာမ နှစ်ဦးအား အပြစ်ပေးသည့် အနေဖြင့် ရခိုင် ပြည်နယ် ပညာရေးမှူးရုံးမှ အမိန့်ထုတ်ပြန်ကာ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ပြောင်းရွှေ့မိန့် မထုတ်ပြန်မီ ဦးအောင်စံထွန်း ဦးဆောင်သော ပြည်နယ် စစ်ဆေးရေး အဖွဲ့က ပေါက်တောမြို့ အထက်တန်းကျောင်းသို့ လာရောက် စစ်ဆေးခဲ့သော်လည်း ဒေါ်ဖြူဖြူအေးအား စစ်ဆေးရာတွင် တိုင်ကြားစာနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ စစ်ဆေး မေးမြန်းခဲ့ခြင်း မရှိဟု ဒေါ်ဖြူဖြူအေးက ဆိုသည်။
ပြည်နယ် စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်စံထွန်းသည် ဆရာမနှစ်ဦးအား တိုင်ကြားသူ ဆရာမကြီး ဒေါ်ထွန်းတင်၏ ခင်ပွန်းဖြစ်သူ ဦးအောင်ထွန်းခိုင်၏ ယောက်ဖနှင့် ဆွေမျိုးတော်စပ်၍ တစ်စုံတစ်ရာ စစ်ဆေးမူ မရှိဘဲ အပြစ်ပေးခြင်း ဖြစ်သည်ဟု ဆရာမ နှစ်ဦး၏ ပြည်နယ် လွှတ်တော် ဥက္ကဌထံ တိုင်ကြားစာတွင် ဖေါ်ပြသည်။
စစ်ဆေးသူများသည် အမူမှန်ပေါ်ပေါက်ရေးအတွက် စစ်ဆေး မေးမြန်းခြင်း မရှိဘဲ တစ်ဘက်သတ် ဘက်လိုက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သဖြင့် အမူမှန် ပေါ်ပေါက်ရေးကို လိုလား၍ တိုင်ကြားရခြင်း ဖြစ်ကြောင်း ဆရာမ နှစ်ဦးက ပြောဆိုသည်။
No comments:
Post a Comment