Saturday, September 21, 2013

လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရာတွင် အသက်၊ ငွေကြေး၊ အချိန်များ ပေးဆပ်ရသဖြင့် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ နိုင်ငံများနှင့် ရင်ပေါင်တန်းကာ ဖွံ့ဖြိုး တိုးတက်အောင် ငြိမ်းချမ်းရေးရမှ ဆောင်ရွက် နိုင်မည်ဖြစ်

မြ၀တီ

မြန်မာနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာ၏ ကမ်းရိုးတန်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့်အပြင် တောင်အာရှ ဒေသနှင့် တရုတ်နိုင်ငံ၊ အာဆီယံ နိုင်ငံများနှင့် ပေါင်းစပ် ဆက်သွယ် ထားသည့် Land Bridge နိုင်ငံ တစ်ခုဖြစ်၊ နိုင်ငံတော် အစိုးရသည် လွတ်လပ်ရေးနှင့် အတူပေါက်ဖွားလာသော ပြည်တွင်း လက်နက်ကိုင် ဆူပူသောင်းကျန်းမှုများ နိဂုံးချုပ်စေရန် ငြိမ်းချမ်းရေး တည်ဆောက်သည့် အနေဖြင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို နိုင်ငံရေး ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိ၊ တပ်မတော် အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ် ပန်ဆင်၍ ပြည်သူ၊ ပြည်သား အားလုံးက လက်ခံသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလျက်ရှိ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အကြား နယ်စပ်ဒေသများတွင် မည်သည့် တရားမဝင် လက်နက်ကိုင် အဖွဲ့မှ မရှိအောင် ဆောင်ရွက်ရန်မှာ နှစ်နိုင်ငံ ပူးပေါင်းပြီး အဓိက လုပ်ဆောင် ရမည့် တာဝန်ဖြစ်… ( တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)

မြန်မာနိုင်ငံ အနေဖြင့်လည်း မိမိနိုင်ငံနှင့် ကိုက်ညီသည့် နိုင်ငံရေး စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လို၊ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အခြေအနေချင်း မတူညီနိုင်သဖြင့် မိမိနိုင်ငံနှင့် ကိုက်ညီသော နိုင်ငံရေး စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လို၊ တရုတ်နိုင်ငံပြည်သူနှင့် အစိုးရ အနေဖြင့်မြန်မာနိုင်ငံအား မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီ စနစ် ကျင့်သုံး၍ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ကာ တည်ငြိမ်မှု ရရှိသည်ကို တွေ့မြင်လို…(တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်း မဆောင်၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong နှင့်တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong နှင့်အတူ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံဆွေးနွေး ပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အဆွေတော်၏ ခရီးစဉ်သည် မြန်မာ- တရုတ်နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား အားသစ်လောင်းသည့် ခရီးစဉ် တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာ- တရုတ် နယ်နိမိတ် ထိစပ်မှုမှာ ကီလိုမီတာ ၂၂ဝဝ ခန့် ရှည်လျားပြီး သမိုင်း အစဉ်အလာ အရ နိုင်ငံတော် အစိုးရ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ရှိသည့် အပြင် တပ်မတော် အချင်းချင်းလည်း ချစ်ကြည် ရင်းနှီးမှု အပြည့်အဝ ရှိပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် များ၌ မြန်မာနိုင်ငံအား အပြည့်အဝ ထောက်ခံပေးသည့် နိုင်ငံ တစ်ခု ဖြစ်ပါကြောင်း၊

နှစ်နိုင်ငံ အပြန်အလှန် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု အပေါ် အထူးအလေးထား ဆက်ဆံလျက် ရှိပါကြောင်း ၊မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်ပါ အတိုင်း သဘောတူ လက်မှတ်ရေးထိုး ထားပြီး ယနေ့ ထက်တိုင် ထိုမူကြီး (၅) ချက်အား မြန်မာနိုင်ငံ နိုင်ငံခြားရေး မူဝါဒ၏ ပင်မ အုတ်မြစ် တစ်ရပ် အဖြစ် ခိုင်မြဲစွာ ဆက်လက် ရပ်တည်ကျင့်သုံးလျက် ရှိပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို မဟာ ဗျူဟာ မိတ်ဖက် (Strategic Partanership) အဖြစ် သတ်မှတ် ထားရှိခဲ့ခြင်းအား အခြေခိုင်မြဲ တည်တံ့စွာ ရှိစေရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ၊မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ တရုတ် တစ်နိုင်ငံတည်း မူဝါဒ (One China Policy)ကို အစဉ်အမြဲ ထောက်ခံ ပါကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာ၏ ကမ်းရိုးတန်း နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အပြင် တောင်အာရှ ဒေသနှင့် တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ပေါင်းစပ် ဆက်သွယ် ထားသည့် Land Bridge နိုင်ငံ တစ်ခုဖြစ်ပါကြောင်း၊

အရှေ့တောင် အာရှဒေသတွင် စီးပွားရေး အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်း လာစေရန် အာဆီယံ အသင်းကြီး၏ အခန်း ကဏ္ဍ သည်လည်း အရေး ပါလျက် ရှိပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း မတူညီသော အကြောင်း တရားများ ရှိကြသော်လည်း တူညီသော ရည်မှန်းချက်ဖြင့် ပေါင်းစည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ပြီးနောက် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာ့ တပ်မတော် အနေဖြင့် ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံ အစိုးရ၊ တရုတ် တပ်မတော်တို့နှင့် နီးကပ်စွာ ဆက်ဆံပြီး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် များစွာ အကျိုး ရှိမည်ဟု ယုံကြည် ပါကြောင်း၊

မြန်မာ့ တပ်မတော် အနေဖြင့် အခြားနိုင်ငံ အသီးသီး၏ တပ်မတော်များနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ နယ်စပ် ဒေသ စီမံခန့်ခွဲမှု သဘော တူညီချက် အရ နယ်စပ် ဒေသတွင် ကောင်းမွန် ထိရောက်သော အုပ်ချုပ်ရေး စနစ် ပျံ့နှံ့ရေး၊ နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များ ပူးပေါင်း တားဆီးရေး ဆက်လက် တိုးမြှင့် ဆောင်ရွက် သွားလို ပါကြောင်း၊

မြန်မာ- တရုတ်နှစ်နိုင်ငံ နယ်စပ် မြောက်ပိုင်းတွင် လွတ်လပ်ရေး ရပြီး ကတည်းက ပေါ်ပေါက် လာသည့် တိုင်းရင်းသား လက်နက်ကိုင် KIA ၊KIO အဖွဲ့ရှိပါကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများ အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း ခဲ့ကြသော်လည်း အောင်မြင်မှု မရခဲ့ပါကြောင်း၊ နိုင်ငံတော် အစိုးရသည် လွတ်လပ်ရေးနှင့် အတူပေါက်ဖွားလာသော ပြည်တွင်း လက်နက်ကိုင် ဆူပူသောင်းကျန်းမှုများ နိဂုံးချုပ်စေရန် ငြိမ်းချမ်းရေး တည်ဆောက်သည့် အနေဖြင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို နိုင်ငံရေး ဦးတည်ချက် ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊

နိုင်ငံတော် အစိုးရအနေဖြင့် အဆင့်သုံးဆင့် ချမှတ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည့် နိုင်ငံတော်၏ လမ်းပြမြေပုံ ချမှတ် ထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရနှင့် တပ်မတော် အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်း အကောင်အထည် ဖော်လျက် ရှိရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့အနက် ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး KIA၊KIO တစ်ဖွဲ့သာ ကျန်ရှိပါကြောင်း ၊ ငြိမ်းချမ်းရေး အတွက် KIA၊KIO အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးမှု (၁၄) ကြိမ် ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါကြောင်း၊

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများ၏ ပြည်နယ်/ တိုင်းဒေသကြီးများနှင့် ကိုက်ညီသော ဥပဒေများ၊ အခွင့်အရေးများ ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါကြောင်း၊ ပြီးပြည့်စုံသော ဥပဒေ ဆိုသည်မှာ မည်သည့် နိုင်ငံတွင်မှ မရှိသဖြင့် အားနည်းချက်များ ရှိနေနိုင်သဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် လိုပါကြောင်း၊ တပ်မတော် အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ ပြည်သူ ၊ပြည်သား အားလုံးက လက်ခံသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလျက် ရှိပါကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို လိုက်နာဆောင်ရွက်လျှင် ငြိမ်းချမ်းရေး မရစရာ အကြောင်း မရှိပါကြောင်း၊

လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းရာတွင် အသက်၊ ငွေကြေး၊ အချိန်များပေးဆပ် ရသဖြင့် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းကာ ဖွံ့ဖြိုးတိုးတက်အောင် ငြိမ်းချမ်းရေးရမှ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စေ့စပ် ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အတွင်းရှိ မြန်မာ- တရုတ်နယ်စပ်တွင် အဖွဲ့အစည်း တချို့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြသော်လည်း မူးယစ်ဆေးဝါး လုပ်ကိုင်နေသည့် အထောက်အထားများ တွေ့ရပါကြောင်း၊

တပ်မတော် အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအား အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာသည် တရုတ်နိုင်ငံ အတွက်လည်း ကြီးမားသော ခြိမ်းခြောက်မှုဖြစ်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် လိုပါကြောင်း၊ မဲခေါင်မြစ်ကြောင်း လုံခြုံရေးနှင့်လည်း ဆက်စပ်နေသဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရင်းအမြစ်များအား နှစ်နိုင်ငံ ပူးပေါင်း၍ ဖြတ်တောက် သွားရန် လိုပါကြောင်း၊မြန်မာ- တရုတ်နှစ်နိုင်ငံ အကြား နယ်စပ်ဒေသများတွင် မည်သည့် တရားမဝင် လက်နက်ကိုင် အဖွဲ့မှ မရှိအောင် ဆောင်ရွက်ရန်မှာ နှစ်နိုင်ငံ ပူးပေါင်းပြီး အဓိက လုပ်ဆောင် ရမည့် တာဝန် ဖြစ်ပါကြောင်း၊

နှစ်နိုင်ငံနယ်စပ် ဒေသ ပြဿနာကို မြန်မာ အစိုးရနှင့် တပ်မတော် အနေဖြင့် ဆောင်ရွက်ခြင်း သာမက တရုတ်နိုင်ငံ အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် တည်ဆဲ ဥပဒေများနှင့် အညီ ကိုင်တွယ်ဖြေရှင်း ပေးစေလိုပါကြောင်း ၊မြန်မာ- တရုတ်နှစ်နိုင်ငံသည် မည်သို့မှပြောင်းလဲ၍ မရသည့် ချစ်ကြည် ရင်းနှီးခဲ့ကြသော အိမ်နီးချင်းကောင်း နှစ်နိုင်ငံဖြစ်ပါကြောင်း၊ မိတ်ဆွေနိုင်ငံ၊ ညီအစ်ကိုနိုင်ငံများ ဖြစ်ပါကြောင်း၊

နှစ်နိုင်ငံခေါင်းဆောင်များ ဆောင်ရွက်ခဲ့ကြသည့် ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးအား ပစ္စုပ္ပန်တွင် တည်တံ့ ခိုင်မြဲရေးအတွက် မိမိတို့ မျိုးဆက်သစ် ခေါင်းဆောင်များမှ ဆက်လက်ဖော်ဆောင် သွားမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ အစိုးရ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ တပ်မတော် အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိအောင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နောင်လာနောက်သား များကိုလည်း အခြေခံကောင်းများ ဆက်လက် သယ်ဆောင်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong မှပြန်လည် ဆွေးနွေး ပြောကြား ရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက် ရှိသော်လည်း တရုတ်- မြန်မာနှစ်နိုင်ငံ အကြားဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် ပြောင်းလဲမှု ရှိမည်မဟုတ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် တောတောင် ရေမြေ ထိစပ်နေပြီး မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအား တိုးတက် ခိုင်မြဲအောင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အရှေ့တောင် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အလွန် အလေးထား ပါကြောင်း၊

တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ခန့်မှ စ၍ နိုင်ငံ အခြေအနေနှင့် ကိုက်ညီသော လမ်းကြောင်း တစ်ခုဖြင့် ပြုပြင်ပြောင်းလဲ၍ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း မိမိနိုင်ငံနှင့် ကိုက်ညီသည့် နိုင်ငံရေး စနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အခြေအနေချင်း မတူညီနိုင်သဖြင့် မိမိနိုင်ငံနှင့် ကိုက်ညီသော နိုင်ငံရေး စနစ်ဖြင့်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံ တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ငြိမ်မှုကို ဆောင်ရွက်ရာတွင် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဟု ပြောဆိုမှုများသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုရေးကို ထိခိုက်နိုင်သည်ဟု ပြောလိုပါကြောင်း၊

ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် မိမိနိုင်ငံ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက် ရာတွင် လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး လုပ်ရုံဖြင့် ရရှိနိုင်မည် မဟုတ်ပါကြောင်း ၊နိုင်ငံ တစ်နိုင်ငံ တည်ငြိမ်မှု မရှိဘဲ ပြည်တွင်းစစ် ဖြစ်ပွားနေပါက ပြည်သူနှင့် တပ်မတော်တွင် ဒုက္ခရောက်ရပါကြောင်း၊ တရုတ်နိုင်ငံ ပြည်သူနှင့် အစိုးရအနေဖြင့် မြန်မာနိုင်ငံအား မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီ စနစ် ကျင့်သုံး၍ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ကာ တည်ငြိမ်မှု ရရှိသည်ကို တွေ့မြင် လိုပါကြောင်း၊ နှစ်နိုင်ငံ အကြား လက်နက် ပစ္စည်းနှင့် မူးယစ်ဆေးဝါး ခိုးဝင်မှုများသည် အဓိက နယ်စပ် ဒေသမှ ဝင်လာခြင်း ဖြစ်ပါကြောင်း၊

KIA၊KIO အဖွဲ့နှင့် ပတ်သက်၍ လွတ်လပ်ရေး ရဖို့တောင်းခံမှုကို တရုတ်နိုင်ငံ အနေဖြင့် လုံးဝ မထောက်ခံ ပါကြောင်း ၊မြန်မာနိုင်ငံမြောက်ပိုင်း ကိစ္စနှင့် ပတ်သက်၍ ပြည်ပမှ ဝင်ရောက် စွက်ဖက်မှုများကို တရုတ်နိုင်ငံ အနေဖြင့် လက်ခံမည် မဟုတ်ပါကြောင်း၊ ဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းဖြင့်သာ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန် လိုပါကြောင်း ၊ ဆွေးနွေး အဖြေရှာသည့် နည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း၍ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တားဆီးရေး ကိစ္စရပ်များအား ပူးပေါင်း ဆောင် ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

ရှေးဦးစွာ နေ့လယ်စာ မသုံးဆောင်မီ တပ်မတော် စစ်တီးဝိုင်းက နှစ်နိုင်ငံနိုင်ငံတော် သီချင်းများအား ဂုဏ်ပြု တီးမှုတ်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Fan Changlong တို့သည် ဂုဏ်ပြု အမှာစကား အသီးသီး ပြောကြား ကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ တို့သည် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်နေစဉ် အတွင်း မြဝတီ တေးဂီတနှင့် အငြိမ့် အဖွဲ့မှနှစ်နိုင်ငံ တေးသီချင်းများ၊ အက ပဒေသာ များဖြင့် သီဆို ကပြ ဖျော်ဖြေ ကြသည်။

ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး သီဆိုကပြဖျော်ဖြေကြသော စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြု ပန်းခြင်းများ အသီးသီး ပေးအပ် ကြကာ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments: