Friday, September 6, 2013

လယ်မြေကိစ္စ ဆန္ဒဖော်ထုတ်သူ ဦးဝင်းချို အမှုစတင်စစ်ဆေး

နေမျိုး | သောကြာနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၃

ဦးဝင်းချိုအပါဝင် ခြောက်ဦး၏အမှုကို စက်တင်ဘာ ၅ ရက်တွင် စတင်စစ်ဆေးကြောင်း ဦးဝင်းချိုဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

၎င်းတို့ ခြောက်ဦးအပါအ၀င် တောင်သူလယ်သမားများသည် သြဂုတ် ၃၁ ရက်တွင် ပဲခူးမြို့၌ ဆန္ဒဖော်ထုတ် ခဲ့ကြရာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

တရားလိုဖြစ်သည့် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းဇော်က ဦးဝင်းချိုသည် မြေစာရင်း ဦးစီးဌာနမှ လယ်မြေ ကိစ္စများ ဆောင်ရွက်ရာတွင် ပြေစာအတုများဖြင့် ဆောင်ရွက်ခြင်းကြောင့် တရားမျှတမှုမရှိကြောင်း ပြောဆို၍ အစိုးရ ဌာနများအား လူထုအကြည်ညိုပျက်စေကြောင်း ထွက်ဆိုသည်ဟု ဦးဝင်းချို ရှေ့နေကရှင်းပြသည်။ တရားစွဲဆိုရာတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးရောဘတ်စန်းအောင်က “ပုဒ်မ ၅၀၅ (ခ) ဆိုတော့ ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး စွဲတဲ့သ ဘောပဲ” ဟု ပြောသည်။

ပြည်သူ၏အသံကို ဦးဝင်းချိုက လွှတ်တော်ကြားအောင်ပြောဆိုသည့်အတွက် သမ္မတကြီး၏ ဆန္ဒနှင့် ကိုက်ညီသောကြောင့် ၎င်းတွင်အပြစ်မရှိကြောင်း လျှောက်လဲသွားမည်ဟု ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောဆိုသွားသည်။

၎င်းကို တရားစွဲဆိုထားသည့် ပုဒ်မဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ၎င်းကပြောသည်။

ဦးဝင်းချိုကို ပဲခူးမြို့နယ်တရားရုံးတွင် စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းက စစ်ဆေးကြားနာပြီးနောက် စက်တင်ဘာ လ ၁၂ ရက်တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုလိုက်သည်ဟု ၎င်း၏ ရှေ့နေကဆိုသည်။

No comments: