Monday, September 23, 2013

ဟုန်ရှင်း အလုပ်သမားတွေ မြို့တော်ခန်းမရှေ့မှာ ထိုင်သပိတ်ပြုလုပ်

ABC

ဟုန်ရှင်း ​အအေးခန်း ​စက်ရုံက ​အလုပ်ထုတ်ပယ်ခံရတဲ့ ​အလုပ်သမား ​၁၀၀ ​ကျော်ဟာ ​စက်တင် ​ဘာလ ​၂၂ ​ရက်နေ့က ​ရန်ကုန်မြို့တော် ​ခန်းမရှေ့မှာ ​အလုပ်လုပ်ကိုင်ခွင့် ​ပြန်လည် ​ရရှိရေးအတွက် ​သပိတ်စခန်း ​ဖွင့်လှစ်ပြီး ​တောင်းဆို ​ခဲ့ကြပါတယ်။

အလုပ်သမားတွေဟာ ​သူတို့လက်ရှိ ​လုပ်ကိုင် ​နေတဲ့ ​ဒဂုံဆိပ်ကမ်းမြို့နယ်က ​ဟုန်ရှင်း ​ငါးလုပ်ငန်း ​အအေးခန်း ​စက်ရုံကို ​အလုပ်ရှင်တွေက ​လုပ်ငန်း ​ပိတ်သိမ်းတယ်လို့ ​ပြောဆိုပြီး ​အလုပ် ​ထုတ်ပယ် ​လိုက်တဲ့အတွက် ​အခုလို ​တောင်းဆိုဆန္ဒပြ ​တာ ​ဖြစ်ပါတယ်။

အလုပ်ရှင်တွေက ​သူတို့ရဲ့ ​ထုတ်ကုန်တွေ ​ပြီးတဲ့အချိန်မှာ ​အလုပ်ပိတ် ​သိမ်းလိုက်တယ်ဆိုတဲ့ ​အကြောင်းကြားစာတွေ ​ကပ်ပြီး ​လျော်ကြေး ​ပေးပြီးထုတ်မယ်လို့ ​ပြောတဲ့ ​အကြောင်း ​ဟုန်ရှင်း ​အအေးခန်း ​စက်ရုံ ​အလုပ်သမား ​သမဂ္ဂက ​မနွယ်နွယ်မြင့်က ​အခုလိုပြောပါတယ်။

“ထုတ်ကုန်တွေ ​ပြီးတဲ့အချိန်လဲကျရော ​ကျွန်မတို့ကို ​၁၂ ​ရက်နေ့လဲ ​ကျရော ​အလုပ်ပိတ်သိမ်းတယ်ဆိုတဲ့အကြောင်းကို ​တစ်ခါ ​တည်း ​အပြီး ​ပိတ်သိမ်းတယ်ဆိုပြီးတော့ ​တစ်ခါတည်း ​စာလာကပ်တယ်။ ​စာလာကပ်တာလည်း ​အပြင်မှာ ​စက်ရုံတွေမှာ ​စာလာ ​ကပ်တာ ​မဟုတ်ဘူးနော်။ ​ကျွန်မတို့ ​သိမြင်သာတဲ့ ​နေရာမှာ ​လုပ်ငန်းဝင်တဲ့ ​အဝမှာ ​ရယ် ​ထမင်းစားဆောင်ရယ် ​အဲလိုနေရာတွေ ​မှာပဲလာကပ်တယ်။ ​အပြင်မှာ ​ကပ်လားဆိုတော့ ​မကပ်ဘူး။ ​သူတို့က ​တစ်ကယ်တော့ ​ကျွန်မတို့ကို ​အခုလို ​အလုပ်ကို ​ပြန်မဝင်ခိုင်းဘူး။ ​လျော်ကြေးပေးပြီး ​ထုတ်မယ်ပေါ့နော်။”

တောင်းဆိုဆန္ဒပြတဲ့ ​အလုပ်သမားတွေဟာ ​သူတို့အလုပ်အကိုင် ​ပြန်လည် ​ရရှိဖို့ ​အာမခံချက် ​မရမခြင်း ​ထိုင်သပိတ်ကို ​ဆက်လက် ​တောင်းဆိုသွားမှာ ​ဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

နစ်နာ ​ကြေး ​အဖြစ်ပေးတဲ့ ​လျော်ကြေးငွေကို ​မယူဘဲ ​အလုပ်သာ ​ပြန်လည်လုပ်ကိုင်လိုပြီး ​အလုပ်သမား ​အများ ​စုဟာ ​ဟုန်ရှင်း ​အအေးခန်းစက်ရုံမှာ ​၁၀ ​နှစ် ​ဝန်းကျင် ​အလုပ် ​လုပ်ကိုင်ခဲ့သူများ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

အလုပ်ရှင်တွေက ​လုပ်ငန်း ​ပိတ်သိမ်းမယ်ဆိုတဲ့ ​အကြောင်း ​ပြောဆိုတာတွေ ​ရှိတဲ့ ​အပြင် ​အလုပ်သမားတွေရဲ့ ​မိသားစု ​ဝင်တွေကိုလည်း ​ချိန်းခြောက်မှုတွေ ​ရှိတဲ့အကြောင်း ​မနွယ်နွယ်မြင့်က ​ဆက်ပြောပါတယ်။

“ကလေးတွေကို ​ပြန်ခေါ်ပါတော့နော်။ ​ဒီ ​၂၃ ​ရက်နေ့မှ ​ပြန်မခေါ်လို့ရှိရင် ​စက်ရုံအပြင်ကို ​ဆွဲထုတ်မှာ။ ​ဆွဲထုတ်ပြီးတော့ ​ဖမ်းဆီးမယ်ဆိုတဲ့အကြောင်း၊ ​၂၄ ​ရက်နေ့မှ ​လာတွေ့မယ်ဆိုရင် ​ကလေးတွေကို ​ရဲစခန်းမှာ ​တွေ့ရမယ်ဆိုတဲ့ ​အကြောင်း ​ကျွန်မတို့ကို ​သွားပြီးတော့ ​စည်းရုံးတယ်ပေါ့နော်။ ​မိဘတွေကို ​ငွေထုတ်တွေပြ ​တကယ်လို့ကလေးတွေက ​ဒီမှာ ​မယူဘူးဆိုရင် ​အိမ်တိုင်ရာရောက် ​လာပို့ပေးမယ်ဆိုတဲ့အကြောင်း ​သူတို့က ​သွားစည်းရုံးတယ်ပေါ့”

ဆန္ဒပြတာဟာ ​တရားမဝင်ဆန္ဒပြတာ ​ဖြစ်တဲ့အတွက် ​ရဲတပ်ဖွဲ့မှူး ​အဆင့်ရှိသူ ​အရာရှိတစ်ဦးကလည်း ​ထိုင်သပိတ်ဆက်လက် ​ပြုလုပ်နေမယ်ဆိုရင် ​ဥပဒေအရ ​အရေးယူမှုတွေ ​ပြုလုပ်မှာ ​ဖြစ်တယ်လို့ ​အလုပ်သမားတွေကို ​ပြောဆိုခဲ့ပါတယ်။

“ဒါတွေက ​ခွင့်ပြုချက်တောင်းခံပြီးလုပ်လို့ရတယ်။ ​ခွင့်ပြုချက် ​မတောင်းခံရင်တော့ ​မရဘူး။ ​မရတဲ့ ​အခါကျတော့ ​ဒါတွေက ​ကျွန်တော်တို့ ​လူထုနဲ့ ​ဖြိုခွဲတဲ့ ​အခါကျရင် ​တအားနစ်နာနေမှာ ​မို့လို့ ​တစ်ခါတည်း ​လာပြောတာနော်”

ယခုလို ​ရန်ကုန်မြို့တော် ​ခန်းမရှေ့မှာ ​ထိုင်သပိတ်ပြုလုပ် ​ဆန္ဒပြတာကြောင့် ​သက်ဆိုင်ရာအနေနဲ့ ​လူစုခွဲဖို့အတွက် ​လုံထိမ်း ​အင်အား ​တိုးချဲ့ထားပြီး ​စက်တင်ဘာလ ​၂၂ ​ရက်နေ့ ​ည ​၂ ​နာရီ ​အချိန်ထိ ​အခြေ ​အနေ ​တွေ ​ကို ​စောင့်ကြည့် ​နေတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေး ​ပို့ထားပါတယ်။

No comments: