Monday, September 23, 2013

ငြိမ်းချမ်းရေးအတွက် ဆုတောင်းမပြည့်သေးဟု ဦးကျော်သူ ပြော

ရေခဲ (ပြည်) | တနင်္လာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၃

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့များတွင် ငြိမ်းချမ်းရေး ရရှိပါစေဟု မြန်မာတို့ ဆုတောင်းလေ့ရှိသော်လည်း ဆုတောင်း မပြည့်သေးဟု နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူက စက်တင်ဘာ ၂၁ ရက် ပြည်မြို့ ရတနာမာန်အောင် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနေ့ စာတမ်းဖတ်ပွဲတွင်ပြောဆိုသွားသည်။

“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမရသေးဘူး။ တိုင်းရင်းသား ငြိမ်းချမ်းရေး စည်းလုံးမှု မရှိသေးဘူး။ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မရှိတော့ စစ်ပွဲတွေဖြစ်တယ်။ ဒီစစ်ပွဲတွေ ငြိမ်းချမ်းပါစေဆိုပြီး ကိုယ့်ဘာသာ ကိုယ်ဘဲ မေတ္တာပို့တယ်။ ဆုတောင်းတယ်။ ဒီလိုဘဲဆုတောင်းခဲ့တာ တစ်နှစ်မှမပြည့်ခဲ့ ဘူး” ဟု ဦးကျော်သူက ပြောသည်။

အလားတူ တိုင်းရင်းသားဒေသများတွင် စစ်မက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ အမြောက်ဆံတစ်လုံးပစ်ခတ်ပါက သိန်း ၃၀မှသည် ၄၀ အထိ ကုန်နိုင်ပြီး ထိုငွေကို စာသင် ကျောင်းများ၊ ရေရှားဒေသများတွင် ရေတွင်းတူးပေးခြင်းစသည့် ဖွံ့ဖြိုးရေး လုပ်သင့်သည်ဟုလည်း ဦးကျော်သူက ထောက်ပြပြောဆိုသည်။

စက်တင်ဘာလ၂၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို မြန်မာပြည်တစ်ဝန်း ငြိမ်းချမ်းရေး အတွက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

No comments: