Wednesday, September 4, 2013

ရေနံလုပ်ကွက် တင်ဒါခေါ်ရာတွင် လုပ်ငန်းဆိုင်ရာ အချက်အလက် ပြည့်စုံစွာမရရှိခြင်းက ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခက်အခဲဖြစ်နေဟုဆို

ထင်လင်းအောင်

ရေနံလုပ်ကွက်များအတွက် ရင်းနှီးမြှုပ်နှံမှု ခေါ်ယူသည့်စံနှုန်းများ ကောင်းမွန်လာသော်လည်း ရေနံလုပ်ကွက်များ၏ အနေအထားနှင့် ရေနံထွက်ရှိနိုင်မှု သတင်းအချက်အလက်များ ပြသရာတွင် စွမ်းအင်ဝန်ကြီးဌာနက ပြည့်စုံစွာပြသမှုမရှိသေးကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ယင်းအချက်များကြောင့် လုပ်ကိုင်လိုသူများက ရင်းနှီးမြှုပ်နှံမှုပမာဏ ခန့်မှန်းတွက်ချက်ရာတွင် အခက် အခဲများရှိကာ မှားယွင်းနိုင်သဖြင့် အမှန်တကယ်လုပ်ကိုင်ချိန်တွင် နိုင်ငံအတွက် နစ်နာမှုများဖြစ်လာနိုင်ပြီး အမှန်တကယ် လုပ်ငန်း လုပ်ကိုင်နိုင်ခြင်းမရှိသည့် ငွေကြေးအင်အားနည်းသောလုပ်ငန်းရှင်များ၏ တင်ဒါများလည်း ပါဝင်လာနိုင်ကြောင်းထောက်ပြပြောဆိုသည်။

ရေနံလုပ်ငန်းများနှင့်နီးစပ်သူ ဦးကျော်ကျော်လှိုင်က ရေနံလုပ်ငန်းများအတွက် ယခုသတ်မှတ်လိုက်သော စံနှုန်းများ သည် တိုင်းပြည်အတွက်ရော လုပ်ငန်းရှင်များအတွက်ပါ ကောင်းသည့်အချက်များ ပါလာသော်လည်း လုပ်ကွက် များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံပေးရန် လိုအပ်နေကြောင်း၊ အချက်အလက် မပြည့်စုံခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပမာဏ တွက်ချက်ရာတွင် မှားယွင်းပြီး လုပ်ငန်းပိုင်းဆိုင်ရာများ အပြောင်းအလဲဖြစ်ပါက အကျိုးအမြတ်နှင့် အခွန်ကိစ္စများကြောင့် တိုင်းပြည် နစ်နာမည်ဟု ပြောသည်။

ထိုသို့ပြည့်စုံစွာပြသမှုမရှိခြင်းမှာ လုပ်ငန်းရှင်များက ရေနံလုပ်ကွက်များ၏အချက်အလက်များအား အခြားသူများထံ တစ်ဆင့်ပြန်လည်ရောင်းချမည့်အပေါ် စိုးရိမ်မှုရှိခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း ဦးကျော်ကျော်လှိုင်က ပြောသည်။

ဦးကျော်ကျော်လှိုင်က “အကောင်းဆုံးကတော့ တင်ဒါဖောင်ကို ၀ယ်ကတည်းက လုပ်ကွက်တွေရဲ့ အချက်အလက် အပြည့်အစုံကို ပူးတွဲပြီး တန်ဖိုးတစ်ခုသတ်မှတ်ရောင်းပေးသင့်တယ်။ ဒါမှ ဘယ်လောက် ရင်းနှီးမြှုပ်နှံသင့်လဲဆိုတာ တွက်ချက်မှုက ပိုတိကျနိုင်တယ်။ ဖောင်ဝယ်ယူတဲ့ ကုမ္ပဏီကလွဲပြီး တစ်ဆင့် ပြန်ရောင်းချမှုမလုပ်ရကြောင်း၊ လက်မှတ်ထိုးခိုင်းတာမျိုးလုပ်ထားလို့ရတဲ့နည်းလမ်းတွေ လည်းရှိတာပဲ” ဟု ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသားများက ပြည်တွင်းရှိ ရေနံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လေ့လာရာတွင် လုပ်ကွက်များနှင့် သက်ဆိုင်သည့်အချက်အလက်များအား မရရှိခြင်းကြောင့် အခက်အခဲများတွေ့နေ လျက်ရှိကြောင်း ယင်းက ပြောသည်။

နိုင်ငံတကာတွင်မူ စီးပွားရေးဆိုင်ရာ အချက်အလက်များရယူလိုပါက ကုန်သည်/ စက်မှုအသင်းချုပ်ကဲ့သို့ ပုဂ္ဂလိက အဖွဲ့အစည်း အချင်းချင်းက ဆောင်ရွက်ပေးခြင်းဖြစ်ကာ အချက်အလက်ပြည့်စုံစွာမရရှိသည့် စီးပွားရေးလုပ်ငန်းများ တွင် ၀င်ရောက်လုပ်ကိုင်ခြင်းမရှိကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

စီးပွာရေးပညာရှင် ဦးလှမောင်က “စီးပွားရေးလုပ်ငန်း လုပ်တယ်ဆိုတာ အချက်အလက်တိကျခိုင်မာမှုက အရမ်း အရေးကြီးတယ်။ တိတိကျကျသိတော့မှသာ ဘာကို ဘယ်လိုလုပ်ရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာ။ နိုင်ငံတကာမှာ Chambers of Commerce အဖွဲ့အစည်းတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံကို ဒီကိစ္စတွေ ဆောင်ရွက်ပေးတယ်”ဟု ပြောသည်။

နိုင်ငံတော်အဆင့် စီးပွားရေးစီမံကိန်းများအတွက် တင်ဒါခေါ်ယူရာတွင်လည်း အိတ်ဖွင့်တင်ဒါ၊ အိတ်ပိတ် တင်ဒါ၊ ကန့်သတ်ပမာဏဖြင့် ခေါ်ယူသည့်တင်ဒါစသည်ဖြင့် အမျိုးအစားများကွာခြားချက်ရှိကာ တင်ဒါ အမျိုးအစားအလိုက် အချက်အလက်အပြည့်အစုံအား ပြသမှုရှိခြင်းမရှိခြင်း ကွဲပြားနိုင်ကြောင်း ယင်းက ဆိုသည်။

ဆက်လက်၍ ဦးလှမောင်က “ခေါ်တဲ့ တင်ဒါက ဘယ်လိုပုံစံမျိုးလဲဆိုတာတော့ ရှိတာပေါ့။ အိတ်ဖွင့် တင်ဒါဖြစ်ပြီး အချက်အလက်တွေကို ချန်လှပ်ထားတာမျိုးဆိုရင်တော့ ဒါဟာ သဘာဝမကျတဲ့ကိစ္စပဲ။ အချက်အလက် ပေးဖို့ လိုတဲ့ ကိစ္စတွေမှာ မပေးဘူးဆိုရင်လည်း ထိရောက်မှုက ရလဒ်နည်းတာပေါ့။ ဒါဆိုရင် တိုင်းပြည်နစ်နာတာပဲ”ဟု ပြောသည်။

အသစ်သတ်မှတ်ထားသည့် ရေနံလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစံနှုန်းသစ်တွင် နိုင်ငံတော်၏ အကျိုးခံစားခွင့် ၁၀ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ ယခင်က နိုင်ငံတော်မှပါဝင်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏအား ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ထားသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ထိခိုက်မှုရှိ၊ မရှိ စစ်ဆေးအကဲဖြတ်သည့် EIA, SIA လုပ်ငန်းစဉ်များ မဖြစ်မနေ ပါဝင်ရန် သတ်မှတ်ထားပြီး ထုတ်လုပ်ရရှိသည့် ရေနံပမာဏမှ ၁၀ ရာခိုင်နှုန်းအား ဈေးကွက် ပေါက်ဈေး၏ ၇၅ ရာခိုင်နှုန်း ဈေးနှုန်းဖြင့် ပြည်တွင်းသုံးစွဲမှုအတွက် ပြန်လည်ရောင်းချရန်လည်း ပါဝင်ရာ နိုင်ငံအတွက် များစွာကောင်းမွန်လာခြင်းဖြစ်ကြောင်း ယင်းတို့က ပြောသည်။

No comments: