Saturday, September 14, 2013

လယ်မြေကိစ္စ ဆန္ဒဖော်ထုတ်သူ ဦးဝင်းချိုအမှု ဒုတိယအကြိမ်စစ်ဆေး

နေမျိုး

ပဲခူးတိုင်းတွင် လယ်ယာမြေသိမ်းဆည်းမှုနှင့် ပတ်သက်ပြီး လယ်သမားများဘက်မှ ၀င်ရောက် ဆန္ဒဖော်ထုတ်ပေးခဲ့သူ ဦးဝင်းချို အပါအ၀င်ခြောက်ဦး၏ အမှုကို စက် တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံစစ်ဆေးကြောင်း ဦးဝင်းချို၏ ရှေ့နေဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

၎င်းတို့ ခြောက်ဦးအပါအ၀င် တောင်သူလယ်သမားများသည် သြဂုတ် ၃၁ ရက်တွင် ပဲခူးကောလိပ်တိုးချဲ့ စီမံကိန်းနှင့်လေယာဉ်ကွင်းတိုးချဲ့သည့် စီမံကိန်းများအတွက် လယ်ယာမြေများ သိမ်းဆည်းရာတွင် မြေ သိမ်းဥပဒေအရလျော်ကြေး မပေးဘဲ သိမ်းယူခဲ့ခြင်းအတွက် ဖြစ်ရပ်မှန်အပေါ် အခြေပြုဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟုလည်း ဦးရောဘတ်စန်းအောင်က ပြောသည်။

၎င်းက “ဦးဝင်းချိုတို့ အမှုနဲ့ပတ်သက်ပြီး ကျန်တဲ့သက်သေတွေကို စစ်ဆေးတာ၊ ကျွန်တော်တို့ရဲ့ မေးခွန်းတွေကို တရားရုံးက ကန့်သတ်ချုပ်ချယ်မှုမရှိဘူး” ဟု ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ခွင့်ပြုချက်မတင်ခြင်းမဟုတ်ဘဲ ခွင့်မပြုခြင်းသာ ဖြစ်သည်ဟုလည်း ၎င်းကဆက် ပြောသည်။

စက်တင်ဘာ ၁၂ ရက်က ၎င်းင်းအမှုကို စစ်ဆေးခဲ့သည့် ပဲခူးမြို့နယ်တရားရုံး အပြင်ဘက်တွင် စိတ်ပါဝင်စားသူ လယ်သမားအင်အား ၅၀ ခန့်လာရောက်ကြကြောင်း ပဲခူးသို့ သွားရောက်နားထောင်ခဲ့သူ ပန်းရဲ့လမ်းအဖွဲ့မှ ကိုသားထွေးက ပြောသည်။

“တရားရုံးကိုလာနားထောင်တဲ့သူတွေက ဦးဝင်းချိုတို့ကို ပန်းကုံးတွေ၊ ပန်းခက်တွေနဲ့ ကြိုဆိုတယ်ဗျ။ လယ်သမား အဖွဲ့တွေ အများကြီးလာကြတယ်။ ဦးဝင်းချို တို့အဖွဲ့ကျန်းမာရေးလည်း ကောင်းကြပါ တယ်” ဟု ၎င်းကဆိုသည်။

ထိုအမှုတွင် ဦးဝင်းချို၊ ကိုရန်ပိုင်စိုး၊ ဦးထိန်လင်း၊ ဦးဘုံဘုံ၊ ကိုလေးနိုင်ဦးနှင့် ကိုဟန်လင်းအောင်တို့ ခြောက်ဦးအား တရားစွဲဆို ထားခြင်းဖြစ်သည်။

ဦးဝင်းချိုသည် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံနေရခြင်းဖြစ်ပြီး ၎င်းအပါအ၀င် စွပ်စွဲခံရသူများသည် ပဲခူးထောင်တွင် ချုပ်နှောင်ခြင်း ခံထားရသည်။

အမှုကို ပဲခူးမြို့နယ် တရားရုံးတွင် အထူးအာဏာရ ရာဇ၀တ်တရားသူကြီး ဒေါ်ခင်မေယုက စစ်ဆေးလျှက်ရှိပြီး စက်တင်ဘာလ ၁၈ ရက်တွင် ထပ်မံစစ်ဆေးကြားနာရန် ချိန်းဆို လိုက်ကြောင်းလည်း ၄င်း၏ ရှေ့နေထံမှ သိရသည်။

No comments: