Monday, September 16, 2013

ဆော့ဖ်ဝဲကို ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်ပေးနိုင်ရန် တောင်းဆိုသွားမည်

ချိုကို | တနင်္လာနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၃

ဆော့ဖ်ဝဲကို ထုတ်ကုန်ပစ်္စည်းတစ်ခုအနေဖြင့် နာမည်သတ်မှတ်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီး ဌာနသို့ တင်ပြသွားမည်ဟု ဆော့ဖ်ဝဲလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (Software Industry Development Committee) မှ အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

ဦးအောင်အောင်က “ဆော့ဖ်ဝဲကို ထုတ်ကုန်ပစ္စည်းတစ်ခုအနေနဲ့ သတ်မှတ်ပေးဖို့ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနကို တင်ပြသွားမယ်။ ကျွန်တော်တို့ နည်းပညာပစ္စည်းထုတ်လုပ်မှုတွေမှာ အမာထည် (Hardware) ကိုပဲ ထုတ်ကုန်တစ်ခုအနေနဲ့ သတ်မှတ်နေတာတွေ့ရတယ်”ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ဆော့ဖ်ဝဲအသုံးပြုသည့်အပိုင်းတွင် အသုံးပြုမှု မတွင်ကျယ်ခြင်းများ ရှိနေသည့် အပြင်ဆော့ဖ်ဝဲထုတ်သည့် ကုမ္ပဏီများ နည်းပါးလျက်ရှိနေသေးသည်။ထို့ပြင် ဆော့ဖ်ဝဲထုတ်ကုန်၏ ထုတ်လုပ်မှုပမာဏနှင့် သုတေသနပြုချက်များ မရှိသေးကြောင်း ပြည်တွင်းဆော့ဖ်ဝဲကုမ္ပဏီအများစုက သုံးသပ်ထားကြသည်။

ဦအောင်အောင်က “စီးပွား/ကူးသန်းမှာ မေးကြည့်တော့ သူတို့တွေရဲ့ ထုတ်ကုန်မှာ ဆော့ဖ်ဝဲဆိုတာမရှိပါဘူး၊ မသတ်မှတ်ထားဘူး။ အခွန်လည်း ဆောင်စရာမလိုဘူး။ ၀ယ်ရောင်းရမှန်းလည်း မသိဘူးဖြစ်နေတယ်။ ဒါကြောင့်ဆော့ဖ်ဝဲဆိုတာ ကုန်ပစ္စည်းတစ်ခုအနေနဲ့ သတ်မှတ်ပေးဖို့ စီးပွား/ကူးသန်းကို တောင်းဆိုသွားမှာပါ”ဟု ထပ်မံပြောကြားသည်။

Myanmar Information Technology (MIT) ၏ အမှုဆောင်အရာရှိချုပ် ဦးထွန်းသူရသက်က “အဓိက, ကတော့ပြည်တွင်းမှာဆော့ဖ်ဝဲပမာဏ ဘယ်လောက်ရှိတယ်။ နိုင်ငံခြားငွေ ဘယ်လောက်ရှာလို့ရတယ်။ ပြည်တွင်းမှာထုတ်ကုန် အဖြစ် GDP ကို ဘယ်လောက်ပံ့ပိုးပေးလဲဆိုတာ တိုင်းတာဖို့အတွက် ဖြစ်တယ်။

စင်ကာပူနဲ့ အိန်္ဒိယမှာဆိုရင် ဆော့ဖ်ဝဲထုတ်ကုန်ကို အခွန်ကင်းလွတ်ခွင့် ပေးထားတယ်။ နောက်ပြီး ဆော့ဖ်ဝဲဆိုတာကို ထုတ်ကုန်နာမည်တစ်ခုအနေနဲ့ အသိအမှတ်ပြုဖို့ အရင်လုပ်ရမယ်”ဟု သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းတွင် နည်းပညာကုမ္ပဏီပေါင်း ၇၀၀ ကျော်စာရင်းရှိသည့် အနက်ဆော့ဖ်ဝဲလုပ်ငန်းလုပ်ကိုင်သည့်ကုမ္ပဏီမှာ ၁၀၀ ကျော်သာရှိသည့်အတွက် အလွန်နည်းပါသေးသည်။ ထို့ပြင် ဆော့ဖ်ဝဲ ထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလည်း အကူအညီများ စွာပေးရန် လိုအပ်သေးကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။

ဦးထွန်းသူရက “ဆော့ဖ်ဝဲဆိုတာ တခြားနဲ့မတူတာက ပစ္စည်း အကောင်အထည် ဖော်ပြလို့မရဘူး။ အဲဒီလို ရှိနေတော့ဆော့ဖ်ဝဲသွင်းရင်လည်း မသိဘူး၊ ထုတ်ရင်လည်း မသိဘူး။နိုင်ငံတကာမှာဆို ဆော့ဖ်ဝဲထုတ်တဲ့ ကုမ္ပဏီတွေကိုထောက်ပံ့ပေးရတာရှိတယ်။ အဲဒီလို ထောက်ပံ့ပေးမှုတွေလုပ်ဖို့ကလည်း ဒီလိုထုတ်ကုန် အနေနဲ့ နာမည်နဲ့ ထုတ်လုပ်တဲ့ မှတ်တမ်းတွေရှိဖို့လိုတယ်”ဟု ဆိုသည်။

ပြည်တွင်း၌ ဆော့ဖ်ဝဲအသုံးပြုမှုမှာတွင် ကျယ်မှုမရှိသေးဘဲ ဘဏ်လုပ်ငန်း၊ ဈေးဝယ်စင်တာများတွင်သာ အသုံးပြုခြင်းဖြစ်ပြီး အသုံးပြုမှုတိုးတက်လာစေရန်အတွက် ဆက်လက် လုပ်ဆောင်သွားရမည် ဖြစ်သည်။

No comments: