Wednesday, September 25, 2013

တိုက်ပွဲဆက်ဖြစ်လို့ ပြည်လုံးကျွတ် အပစ်ရပ်ရေးမှာ စဉ်းစားစရာဖြစ်လို့ဆို

ABC

မြန်မာ ​အစိုးရကနေ ​တပြည်လုံး ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ် ​ထိုးနိုင်ဖို့ ​လက်နက်ကိုင် ​တိုင်းရင်းသား ​အဖွဲ့တွေနဲ့ ​တွေ့ဆုံ ​ညှိနှိုင်း ​ဆောင်ရွက်နေပေမယ့် ​တဖက်မှာလည်း ​တိုက်ပွဲတွေ ​ဆက်တိုက်ဆိုသလို ​ဖြစ်ပေါ်နေတဲ့အတွက် ​သဘောတူ ​လက်မှတ်ထိုးရေးမှာ ​အားလုံးပါဝင်နိုင်ဖို့ ​စဉ်းစားစရာ ​ဖြစ်နေတယ်လို့ ​SSPP ​ရှမ်းပြည်တိုးတက်ရေးပါတီက ​ပြောပါတယ်။

လားရှိုးမြို့နဲ့ ​သီပေါအခြေစိုက် ​မြန်မာစစ်အင်အား ​၂၀၀ ​လောက်ရဲ့ ​လှုပ်ရှားစစ်ကြောင်းနဲ့ ​ရှမ်းပြည်မြောက်ပိုင်း ​တပ်တွေအကြား ​နမ္မတူချောင်းကမ်းနဘေးမှာ ​တနင်္လာနေ့က ​ရင်ဆိုင်တိုက်ပွဲ ​ဖြစ်ပွားခဲ့တာလို့ ​ဗိုလ်မှူး ​စိုင်းလ ​က ​ပြောပါတယ်။

ဖြစ်တာကတော့ ​နယ်မြေရှင်းလင်းရေး ​လုပ်တော့ ​ကျနော်တို့နဲ့ ​တိုးတာပေါ့နော့်။ ​တိုက်ပွဲဖြစ်တယ်ဆိုတော့ ​ထိခိုက်တာတော့ ​ရှိမှာပေါ့၊ ​ဒါပေမယ့် ​ဘယ်လောက်အထိ ​ထိခိုက်တယ်ဆိုတာတော့ ​မသိရသေးဘူး ​နှစ်ဖက်စလုံးပေါ့နော့်။ ​အခုက ​ကျနော်တို့ ​ရှိနေတဲ့ ​နေရာကို ​သူတို့က ​နယ်မြေရှင်းလင်းရေး ​လုပ်တယ်လေ။

ဒီတိုက်ပွဲဟာ ​စက်တင်ဘာ ​၁၇ ​ရက်နေ့က ​ဖြစ်ပွားခဲ့တဲ့ ​တိုက်ပွဲရဲ့ ​နောက်ဆက်တွဲဖြစ်ပြီး ​စစ်ရေးအခြေအနေ ​တင်းမာမှုတွေနဲ့ ​ပတ်သက်လို့ ​လုံခြုံရေးနဲ့ ​နယ်စပ်ရေးရာဝန်ကြီး ​ဦးအောင်သူ ​ထံကို ​ဆက်သွယ်တင်ပြခဲ့ရာမှာ ​တိုက်ပွဲမဖြစ်စေရအောင် ​လုပ်ဆောင်ပေးမယ်လို့ ​ကတိပေးခဲ့တဲ့ကြားက ​အခုလိုဖြစ်ပွားခဲ့တာလို့ ​SSA ​တပ်မှူး ​တစ်ဦးက ​ပြောဆိုပါတယ်။

အစိုးရနဲ့ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီမှု ​ရယူပြီးနောက်ပိုင်း ​ရှမ်းပြည်မြောက်ပိုင်း ​နယ်မြေအတွင်းမှာ ​တိုက်ပွဲပေါင်း ​တစ်ရာကျော် ​ဖြစ်ပွားခဲ့တာတွေနဲ့ပတ်သက်ပြီး ​၀န်ကြီး ​ဦးအောင်မင်းကို ​အကြိမ်ကြိမ် ​တင်ပြခဲ့ပေမယ့် ​တိုက်ပွဲတွေက ​ဆက်တိုက်ဆိုသလို ​ဆက်ဖြစ်နေတဲ့အတွက် ​တပြည်လုံး ​အပစ်အခတ်ရပ်စဲရေး ​လက်မှတ်ထိုးဖို့ ​စဉ်းစားစရာ ​ဖြစ်လာနေကြောင်း ​ဗိုလ်မှူး ​စိုင်းလ ​က ​ပြောပါတယ်။

ကျနော်တို့ ​အကြိမ်ကြိမ် ​တင်ပြခဲ့တာပဲ ​ဒီလိုမျိုး ​နယ်မြေရှင်းလင်းရေး ​လုပ်နေသရွှေ့တော့နော် ​တိုက်ပွဲတွေတော့ ​ဖြစ်နေမှာပဲလို့ ​ကျနော်တို့ ​တင်ပြခဲ့တယ်လေ၊ ​အေး ​အဲ့ဒါတော့ ​အောက်ခြေက ​ဖြစ်တာ ​ပြန်ညှိနှိုင်းရင် ​ရပါတယ်လို့ပဲ ​ပြောခဲ့တာလေ ​အဲ့ဒီဟာတွေက ​အဓိက ​မဟုတ်ပါဘူးလို့ပဲ ​ဒီအတိုင်းပဲ ​ပြန်ပြောတာပဲ။ ​တကယ်ဆိုရင် ​ကျနော်တို့ ​အပစ်ရပ်စဲပြီးနောက်ပိုင်းမှာ ​အဲ့ဒီ ​ဖြစ်စဉ်တွေနော့် ​အဲ့လောက်အကြိမ်များစွာ ​မဖြစ်သင့်ဘူးလေ၊ ​တဖက်ကလည်း ​သူတို့က ​နောက်လဆိုရင် ​အလုံးစုံ ​အပစ်ရပ်စဲရေးတွေ ​လက်မှတ်ထိုးဖို့ ​ပြင်ဆင်ထားတယ် ​တဖက်မှာ ​တဖွဲ့ချင်း ​လက်မှတ်ထိုးထားတာတောင်မှ ​အဲ့ဒီ ​ပစ်ခတ်မှုတွေ ​ထပ်ဖြစ်နေတယ်ဆိုတော့ ​အဲ့ဒီ ​လက်မှတ်ထိုးဖို့တော့ ​ကျနော်တို့က ​စဉ်းစားစရာ ​ဖြစ်နေတာပေါ့နော့်။ 

ရှမ်းပြည်တိုးတက်ရေးပါတီ ​SSPP/SSA ​ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဟာ ​ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ်က ​ပြည်နယ်အဆင့်၊ ​ပြည်တောင်စုအဆင့် ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီချက် ​လက်မှတ်ထိုးထားတဲ့ ​အဖွဲ့ ​ဖြစ်ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: