Wednesday, September 25, 2013

ဆက်သွယ်ရေးနည်းဥပဒေ ထွက်ရှိပြီးပါက အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ ထပ်မံချထားပေးဖွယ်ရှိ

ချိုကို

ဆက်သွယ်ရေးနည်းဥပဒေ ထွက်ရှိလာ ပြီးသည့်အချိန်တွင် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် Internet Service Provider (ISP)လိုင်စင်များကို ချထားပေးရန် ဆက်သွယ်ရေးနှင့်သတင်းအချက် အလက်ဝန်ကြီးဌာနအနေဖြင့် ပြောကြားထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က မဇ္ဈိမကို ပြောသည်။

၎င်းက "လက်ရှိဆက်သွယ်ရေးအော်ပရေတာလိုင်စင်တွေပေးဖို့ ကုမ္ပဏီတွေကို ရွေးချယ်ထားပြီးပြီ။ ဆက်သွယ်ရေး နည်းဥပဒေ ထွက်လာပြီးရင်လည်း အင်တာနက်ဝန်ဆောင်မှုလုပ်မယ့် ကုမ္ပဏီတွေကို ထပ်မံချထားပေးဖို့ ရှိနေပါတယ်" ဟု စက်တင်ဘာတတိယအပတ်က ရန်ကုန်မြို့ မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပပြုလုပ်သည့်မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ အင်တာနက်ဝန်ဆောင်မှုပေးနေသော ISP များမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီနှစ်ခုသာရှိနေပြီး အင်တာနက်ဝန်ဆောင်မှု လုပ်ကိုင်နေသော အခြားကုမ္ပဏီများ အနေဖြင့် အဆိုပါ ISP နှစ်ခုနှင့် တွဲဖက်လုပ်ကိုင်နေရသော အနေအထားဖြစ်သည်ဟု ပြည်တွင်း နည်းပညာ ကုမ္ပဏီများကဆိုသည်။

အင်တာနက်ဝန်ဆောင်မှုများပေးနေသွေျာနိ Redlink ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးရှိန်းသူအောင်က "လက်ရှိ ကျွန်တော်တို့ လုပ်ကိုင်နေရတဲ့ပုံစံက ရတနာပုံ ISP နဲ့ တွဲဖက်လုပ်ကိုင်နေရတဲ့ပုံစံပါ။ လိုင်စင်ချပေးမယ်ဆိုရင်တော့ သီးခြား Internet Service Provider ကုမ္ပဏီတစ်ခုအနေနဲ့ ဝန်ဆောင်မှုပေးဖို့ မျှော်မှန်းထားပါတယ်" ဟု ဆိုသည်။

ထို့ပြင် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများကို ပြည်တွင်းပြည်ပကုမ္ပဏီအများအပြားအထိ လုပ်ပိုင်ခွင့်ပေးပါက နည်းပညာပိုင်းနှင့် ၀န်ဆောင်မှုပိုင်းတွင် အပြင်းအထန်ယှဉ်ပြိုင် လုပ်ကိုင်ရမည်ဖြစ်ပြီး အသုံးပြုသူများ အနေဖြင့်လည်း ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှု ရရှိလာနိုင်မည်ဖြစ်သည်ဟု ၎င်းက သုံးသပ်လိုက်သည်။

ဦးရှိန်းသူအောင်က "ISP တွေနဲ့ တွဲဖက်လုပ်ကိုင်ရတဲ့ အနေအထားမှာဆိုတော့ နည်းပညာပိုင်းဆိုင်ရာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ကန့်သတ်မှုတွေရှိတယ်။ ကုမ္ပဏီအများအပြားကို လိုင်စင်ချထားပေး လိုက်မယ်ဆိုရင် နည်းပညာပိုင်းရော ဝန်ဆောင်မှုပိုင်းမှာပါ ကောင်းမွန်တဲ့ ကုမ္ပဏီကိုပဲ လူတွေက ရွေးချယ် အသုံးပြုတော့မယ်။နောက် ဝန်ဆောင်မှုပေးရာမှာလည်း လွတ်လပ်စွာနဲ့ လုပ်ကိုင်နိုင်မယ့် အနေအထားရရှိလာမှာပါ" ဟု ဆိုသည်။

အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ချထားပေးရာတွင် ပြည်ပကုမ္ပဏီများကို သီးသန့်ချထားပေးခြင်း မပြုဘဲပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်နိုင်သည့်အနေအထားဖြင့် ရွေးချယ် လိုင်စင်ချထားပေးရန် တောင်းဆို သွားမည်ဟုလည်း ကွန်ပျူတာလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က ပြောသည်။

၎င်းက "ပြည်ပကုမ္ပဏီတွေကို သီးခြားလုပ်ပိုင်ခွင့် ပေးလိုက်ရင် ပြည်တွင်းကုမ္ပဏီတွေ အနေနဲ့ နည်းပညာပိုင်းရော ရင်းနှီးမှုပိုင်းမှာပါ ယှဉ်ပြိုင်နိုင်မှုရှိမှာမဟုတ်ပါဘူး။ နောက် လုံခြုံရေးပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိလာနိုင်တယ်။ပြည်တွင်းကုမ္ပဏီတွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ကို တောင်းဆိုထားပါတယ်" ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဆက်သွယ်နေရး ၀န်ဆောင်မှု လုပ်ကိုင်မည့် အော်ပရေတာများကို လိုင်စင်ချထားပေးနိုင်ရန် ရွေးချယ်ခဲ့ရာ၌ ပြည်ပ အော်ပရေတာနှစ်ခုကိုလည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံနိုင်ရန် ခွင့်ပြုထားသည်။

No comments: