Sunday, September 8, 2013

ရှစ်ဆယ့်ရှစ်မျိုးဆက် ကိုမြအေးသီချင်းရေးပြီ

ပန်းမြတ်ဇော်

ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးရေးသား ထားသည့် သီချင်းများ ပါဝင်သော “အပြာရောင်သက္ကရဇ်များ” တေးစီးရီးကို Bo Bo Entertainmant မှ အောက်တိုဘာ ၅ ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း ကိုဘိုဆန်းက မဇ္ဈိမကို ပြောသည်။

အပြာရောင်သက္ကရာဇ်များတေးစီးရီးတွင် ဒဿနသီချင်းများနှင့် အချစ်သီချင်းများလည်း ပါဝင်ကာ ကိုမြအေးထောင်ထဲ၌ နေထိုင်ရစဉ်ကရေးသားထားသည့် တေးသီချင်းများဖြစ်သည်။ ယင်းစီးရီးအကြောင်းကို ကိုမြအေးက “စီးရီးလုပ်မယ့်စိတ်ကူးက အရင်ကတည်းကရှိတယ်။ လုပ်မယ်၊ လုပ်လိုက်တိုင်း ထောင်ကျ တာနဲ့ မလုပ်ဖြစ်ဘူး။ ဒီအခွေက နိုင်ငံရေးသီချင်းတွေ မဟုတ်ပါဘူး။ ထောင်ကျတစ်ယောက်ရဲ့ တစ်နေ့ တာဖြတ်သန်းမှုတွေ၊ ခံစားမှုတွေနဲ့ အချစ်သီချင်းတွေပါတယ်။ ထောင်ကထွက်ပြီးမှ ရေးတဲ့တစ်ပုဒ်လည်း ပါတယ်။ ထောင်ထဲမှာ သီချင်းပေါင်း ၁၀၀ နီးပါးလောက်ရေး ဖြစ်တယ်။ ရွှေသံစဉ်က ကိုဝင်းမော်တို့နဲ့ တိုင်ပင်ပြီး အခွေထုတ်တဲ့သဘောပါ။ ဒီသီချင်းအခွေကို နားထောင်ပြီးရင် နိုင်ငံရေးသမားဆိုတာ လူတွေ ထဲကလူတွေပဲဆိုတာ သိစေချင်တယ်”ဟု ပြောပြသည်။

ကိုမြအေး ရေးစပ်ထားတဲ့ တေးသီချင်းများကို ဒီမွန်၊ ဆောင်း၊ နိုးဝေးတို့က သီဆိုပေးထားကာ ရွှေသံစဉ် music band နဲ့ တီးခတ်ပြီး န၀ရတ်စတူဒီယိုမှာ အသံသွင်းထားခြင်းဖြစ်သည်။ သီချင်းစုစုပေါင်း ၁၁ ပုဒ် ပါဝင်ထားပြီး စီးရီးတွင် ပါရှိမည့် “သမီးရဲ့အပြုံး” သီချင်းမှာ ကိုဂျင်မီ၏ သမီးမွေးနေ့အတွက် ရေးစပ်ထား သောသီချင်းဖြစ်ကာ “အဖေနဲ့ ကျွန်တော်” တေးသီချင်းသည်လည်း ပျောက်ဆုံးသွားသည့်သားများ၊ အဝေးရောက်နေသည့်သားများကို မျှော်နေသည့် ဖခင်မေတ္တာဘွဲ့တေးသီချင်းဖြစ်သည်။ စီးရီးခေါင်းစဉ် အား “အပြာရောင်သက္ကရာဇ်များ” ပေးရခြင်းမှာထောင်ကျရင် အပြာရောင် ၀တ်စုံဝတ်ရခြင်းကို ရည်ညွှန်း ရေးဖွဲ့ထားခြင်းဖြစ်သည်။

“အပြာရောင်သက္ကရဇ်များ” တေးစီးရီးဖြန့်ချိသည့်နေ့တွင် ရန်ကင်းစင်တာ၌ ပါဝင်ကြသူများကအမှတ်တရ လက်မှတ်ရေးထိုးမည်ဖြစ်သည်။ Audio CD အရင်ထွက်ရှိ မည်ဖြစ်ကာ DVD ကို နိုဝင်ဘာလတွင် ဖြန့်ချိမည်ဖြစ်သည်။

No comments: