Friday, September 6, 2013

ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေးရယူပြီးသော ဒေသခံများကို ဦးစားပေးအလုပ်ခေါ်နေ

ဖိုးစိုးသူ | သောကြာနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တွင် ကြေးနီစီမံကိန်းများလုပ်ဆောင်နေသော မြန်မာဝမ်ပေါင် သတ္တုတူးဖော်ရေး ကုမ္ပဏီက၀န်ထမ်းနေရာများအတွက် သင်တန်းသားများခေါ်ယူရာတွင် စီမံကိန်းပတ်ဝန်းကျင် (၂၆) ရွာမှ မြေယာလျော်ကြေးရယူပြီးဖြစ်သော ဒေသခံများအား ဦးစားပေးခန့်ထားမည်ဟု ယင်းကုမ္ပဏီ ၏၀န်ထမ်းခေါ်စာတွင် ထည့်သွင်း ထုတ်ပြန်ထားသည်။

မြေယာလျော်ကြေးယူသူများသည် မြေယာဆုံးရှုံးသွားသူများဖြစ်သဖြင့် ၎င်းတို့ အလုပ်အကိုင် အဆင်ပြေစေရန် ရည်ရွယ်ကာ ဦးစားပေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ ထိုသို့ခေါ်ယူရာတွင်လည်း ကြေးနီစီမံကိန်းတည်ရှိရာ ဆားလင်းကြီးမြို့နယ်မှ ဒေသခံများကို ဦးစားပေးမည်ဖြစ်ကြောင်းလည်း ၀မ်ပေါင်ကုမ္ပဏီ၏ ၀န်ထမ်းရွေး ချယ်ရေးကော်မတီမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးကဆိုသည်။

အခြားတစ်ဖက်တွင်မူ “မြေယာလျော် ကြေးယူတဲ့လူတွေကိုပဲ ဦးစားပေးအလုပ် ခေါ်တယ်ဆိုတော့ ဒါဟာ လူတန်းစား ခွဲခြားတာပဲ။ နောက်ပြီး ပွင့်လင်းမြင်သာမှု မရှိတာဘဲ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အလုပ်အကိုင် လိုချင်တဲ့သူကိုတော့ ဦးစားပေးရမယ်။ မြေယာလျော်ကြေး မယူတဲ့လူတွေကို ခွဲခြားဆက်ဆံရာလည်း ရောက်တယ်” ဟု ၀မ်ပေါင်၏ ကြေးနီစီမံကိန်းကို အစဉ်တစိုက်ကန့်ကွက်ခဲ့သည့် Generation Youth အဖွဲ့ မှ ကိုလှိုင်မင်းဦးကပြောကြားသည်။

မြန်မာဝမ်ပေါင်ကုမ်္ပဏီ၏ ယခုအကြိမ်အလုပ်ခေါ်ယူမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး စက်ကိုင်များ၊ လျှပ်စစ် ဆိုင်ရာ/ စက်မှုဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးသမားများ၊ ဓာတ်ခွဲခန်းလက်ထောက်၊ လက်ထောက် စက်ရုံမှူး စသည့် ရာထူးကိုးမျိုးအတွက် ၀န်ထမ်း ၃၅၀ ခေါ်ယူထားသည်။

ယခင်တစ်ကြိမ်ကလည်း စစ်ကိုင်းတိုင်းအတွင်းမှ ဒေသခံ ၁၂၅ ဦးကို အလုပ်ခေါ်ယူ ခန့်ထားခဲ့သည်ဟု ၀မ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူကဆိုသည်။

ကြေးနီစီမံကိန်းဒေသရှိ တုန်ရွာသစ်မှမတင်သိန်းက “ရွာမှာ ဘွဲ့ရပညာတတ်တွေအများကြီးရှိတယ်။ သွား မလျှောက်ကြဘူး။ လျှောက်တဲ့လူတွေလည်း တစ်ရွာမှာ တစ်ယောက်စ၊ နှစ်ယောက်စပဲ ပါကြတယ်” ဟုဆို သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီသည် အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်ကြားလုပ်သားများကို ခေါ်ယူထားခြင်း ဖြစ်ပြီး လုပ်ငန်းခွင်သင်တန်း ကနဦးပေးမည်ဖြစ်ပြီး ငါးလပြည့်လျှင်လခစားဝန်ထမ်းခန့်ထားမည်ဖြစ်သည်။ သင်တန်းကာလ၌ လည်း စားစရိတ်ထောက်ပံ့ကြေး တစ်လကျပ်တစ်သိန်းပေးမည်ဟုပင် ထိုကုမ္ပဏီ၏ ကြေ ညာချက်တွင် ဖော်ပြထား သည်။

ဝမ်ပေါင်ကုမ္ပဏီတွင် ၀န်ထမ်းအဖြစ် လျှောက်ထားရန် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရန် (သို့မဟုတ်) စက်မှုနှင့် လျှပ်စစ်ဆိုင်ရာ ဒီပလိုမာလက်မှတ်ရရှိထားသူဖြစ်ရန် လိုအပ်သည်ဟု ၀မ်ပေါင်၏ ကြေညာချက်တွင် တွေ့ရသည်။

ဝမ်ပေါင်ကုမ္ပဏီ ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများနှင့်တက်ကြွလှုပ်ရှား သူများကကန့်ကွက်ခဲ့ ရာ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်၌ စီမံကိန်းနယ်မြေအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းများကို ရဲများက အကြမ်းဖက်ဖြိုခွင်းသဖြင့် သံဃာအပါး ၁၀၀ ခန့်နှင့် ဒေသခံအချို့ မီးလောင်ဒဏ်ရာရသွားသည့် အချိန်တွင် တစ်နိုင်ငံလုံးအနှံ့ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့သည်။

အစိုးရကလည်း ထိုကြေးနီစီမံကိန်း ဆက်လုပ်ရန် သင့်/မသင့်အပါအ၀င် အကြမ်းဖက်ဖြိုခွင်းမှု၊ မြေယာ လျော်ကြေး ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်ကော်မတီတစ်ရပ်ဖွဲ့ပြီး စစ်ဆေးရန် ဆောင်ရွက်ခဲ့ရသည်။ ထိုစီမံကိန်းကို ဆက်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီက ထောက်ခံခဲ့သည်။

No comments: