Monday, September 16, 2013

ခရီးသွားရာသီတွင် ကယားပြည်နယ်ကို နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားလာနိုင်

သီဟကိုကို | တနင်္လာနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၃

အောက်တိုဘာတွင် စတင်တော့မည့် ခရီးသွားရာသီတွင် ကယားပြည်နယ်သည် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စား သွားရောက်မည့် ခရီးသွားနယ်သစ်တစ်ခု ဖြစ်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားခရီးသွားများ အဓိကသွားရောက်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် အထင်ကရနေရာများအပြင် မွန်ပြည်နယ်နှင့် မြိတ်ကျွန်းစုဒေသများသို့ သွားရောက်မှုများရှိပြီး ကယားပြည်နယ်သို့မူ အရောက် အပေါက်နည်းကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံခရီးသွားဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက “လာမယ့် ခရီးသွားရာသီမှာ နိုင်ငံခြား သား ခရီးသွားတွေအနေနဲ့ ပုံမှန် Tour Site တွေအပြင် မွန်၊ ကရင်အပြင် ကယားဘက်ကို စိတ်ဝင်စားနိုင်တယ်။ အဓိက,ကတော့ ဒီကိုတစ်ခါလာဖူးတဲ့ ခရီးသွားတွေအနေနဲ့ နောက်တစ်ခေါက် ပြန်ရောက်လာတဲ့အခါ နယ်သစ်တွေကို သွားချင်ကြတယ်”ဟု ပြောသည်။

ကယားပြည်နယ်သည် ယခင်က လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် အခြေခံအဆောက်အအုံနည်းပါးမှုများကြောင့် သွားရောက်မှုနည်းခဲ့ပြီး လုံခြုံရေးအခြေအနေအရလည်း သွားရောက်မှုနည်းခဲ့ခြင်းတို့ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းအထွေထွေအတွင်းရေးမှူး ဦးကိုကိုလတ်က “ကယားကိုအသင်း အနေနဲ့လေ့လာရေး ခရီး သွားထားတာရှိတယ်။ ကယားက နှစ်ပေါင်းများစွာ အဆက်ပြတ်သလိုဖြစ်နေတဲ့အတွက် အခုချိန်မှာ ပွင့်လင်းလာတဲ့ အခြေအနေကြောင့် ခရီးသွားတွေ စိတ်ဝင်စားလာကြတယ်”ဟု ပြောသည်။

ပုံမှန်ခရီးသွားနယ်များအပြင် အခြားခရီးသွားများ စိတ်ဝင်စားသည့်ဒေသများတွင် ကယားပြည်နယ်သည် ရခိုင်ပြည်နယ် မြောက်ဦးဒေသထက် လုံခြံရေးအရ ပိုမိုကောင်းမွန်ပြီး ခရီးသွားကုမ္ပဏီများမှလည်း ကယားပြည်နယ် ခရီးစဉ်များကို ရောင်းချရန်စိတ်ဝင်စားလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ဇူလိုင်လစာရင်းများအရ ကယားပြည်နယ်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ခြောက်ခုရှိပြီး အခန်းပေါင်း ၁၀၉ ခန်းရှိသည်။

ခရီးသွားလုပ်ငန်းရှင်တစ်ဦးက “ကယားခရီးက တခြားခရီးတွေထက်ကို နည်းနည်းကြမ်းတဲ့အတွက် သွားမယ့် ခရီးသွားတွေက အဓိကကျတယ်။ ဟိုမှာက တည်းခိုဖို့နေရာကအစ နည်းနည်းအခက်အခဲရှိနိုင်တဲ့အတွက် ခရီးသွားတွေ ဘက်ကလည်း ဒီအခြေအနေကိုသိဖို့လိုတယ်”ဟု သုံးသပ်သည်။

ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် တစ်သန်းကျော် စံချိန်တင်ဝင်ရောက်ခဲ့ပြီး လာမည့် ခရီးသွား ရာသီတွင် နိုင်ငံခြားသားဧည့်သည် သုံးသန်းခန့် ၀င်ရောက်လာရန် ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားခရီးသွားများ ၀င်ရောက်သောခရီးသွားရာသီသည် အောက်တိုဘာလတွင် စတင်ပြီး ဒီဇင်ဘာနှင့် နှစ်ဆန်းပိုင်းအချိန်များတွင် နိုင်ငံခြားသားခရီးသွားများ အများဆုံးဝင်ရောက်လေ့ရှိသည်။

No comments: