Monday, September 16, 2013

၈၈ မျိုးဆက်အဖွဲ့ အမျိုးသားသင့်မြတ်ရေးအတွက် သမ္မတနဲ့ တွေ့ဆုံ

ABC

စက်တင်ဘာလ ​၁၄ ​ရက်နေ့က ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​၈၈ ​မျိုးဆက်ကျောင်းသားတွေဟာ ​အမျိုးသား ​ပြန်လည် ​သင့်မြတ်ရေးနဲ့ ​ပြည်တွင်းငြိမ်းချမ်ရေး ​ကိစ္စရပ်တွေကို ​နေပြည်တော်မှာ ​ဆွေးနွေးခဲ့ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ​အလွတ်သဘော ​တွေ့ဆုံ ​ဆွေးနွေးကြတာဖြစ်ပြီး ​၈၈ ​မျိုးဆက်တွေအနေနဲ့ ​လက်ရှိမြန်မာ့ ​နိုင်ငံရေး ​အခြေအနေ ​တွေကို ​တင်ပြ ​ဆွေးနွေးကြတဲ့အကြောင်း၊ ​အမျိုးသား ​ပြန်လည် ​သင့်မြတ်ရေးနဲ့ ​ပြည်တွင်းငြိမ်းချမ်းရေး ​အကြောင်းအရာတွေကို ​အဓိက ​တင်ပြပြောဆိုခဲ့တဲ့ ​အကြောင်း ​၈၈ ​မျိုးဆက်ကျောင်းသားဟောင်း ​ကိုမာကီးက ​ပြောပြပါတယ်။

“အဓိကတော့ ​အမျိုးသား ​ပြန်လည် ​သင့်မြတ်ရေး ​ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ​အပစ်အခတ်ရပ်စဲရေးတွေပေါ့နော်။ ​အဲဒါတွေ ​အဓိက ​ပြောဖြစ်တယ်။ ​အဲဒါကတော့ ​ပထမဆုံး ​အလေးအနက်ထားပြီးတော့ ​ပြောရတဲ့ ​အရေးကြီးဆုံး ​အရာပေါ့နော်။”

ငြိမ်းချမ်းရေး ​ဖြစ်စဉ်တွေမှာ ​အစိုးရအဖွဲ့နဲ့ ​လွှတ်တော်အပြင် ​လွှတ်တော်ပြင်ပက ​တိုင်းရင်းသားအင်အားစုတွေ၊ ​နိုင်ငံရေး ​အင်အားစုတွေ၊ ​အရပ်ဘက်အဖွဲ့အစည်းတွေ ​အားလုံးပါဝင်နိုင်ဖို့၊ ​ပဋိပက္ခတွေနဲ့ ​လယ်ယာမြေပြဿနာ ​တွေကို ​ပူးပေါင်းဖြေရှင်းသွားဖို့ ​နဲ့ ​လူထုတစ်ရပ်လုံး ​လူမှုစီးပွားရေး ​မြှင့်တင်နိုင်ဖို့တွေကို ​ဆွေးနွေး ​ခဲ့တယ်လို့ ​ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ ​၈၈ ​မျိုးဆက်တွေရဲ့ ​လုပ်ငန်းစဉ်တွေကို ​သက်ဆိုင်ရာ ​ဒေသအာဏာပိုင်တွေက ​ပူးပေါင်းပေးဖို့လည်း ​သမ္မတက ​ညွှန်ကြားချက်တွေ ​ထုတ်ပြန်ပေးမယ်လို့ ​ပြောခဲ့တဲ့ ​အကြောင်း ​ကိုမာကီးက ​ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ​ဒီ ​၈၈ ​မျိုးဆက် ​ပွင့်လင်ငြိမ်းချမ်းရေးနဲ့ ​လူ့အဖွဲ့အစည်းရဲ့ ​လှုပ်ရှားမှုတွေမှာ ​ဒီသက်ဆိုင်ရာ ​အုပ်ချုပ်ရေး ​အဖွဲ့အစည်းနဲ့ ​ပူးပေါင်းဆောင်ရွက်ဖို့ ​ပူးပေါင်းဆောင်ရွက်ဖို့ ​ပြောတဲ့အခါမှာ ​သမ္မတကြီးကလည်း ​ဒါကို ​သူ့အနေနဲ့ ​အရင်ကတည်းကလည်း ​ပူးပေါင်းဆောင်ရွက်ဖို့ ​ပြောထားတဲ့အကြောင်း၊ ​ခုလဲ ​ထပ်ပြီးတော့ ​ဒီတစ်ခါပေါ့နော် ​ညွှန်ကြားချက်တွေ ​ဘာတွေ ​ထုတ်ပြီးတော့ ​ပူးပေါင်းဆောင်ရွက်ဖို့ ​ပြောပေးမယ်ဆိုတဲ့အကြောင်း၊ ​ကျွန်တော်တို့ရဲ့ ​လုပ်ကိုင်ဆောင်ရွက်မှုတွေကို ​သက်ဆိုင်ရာ ​အုပ်ချုပ်ရေး ​အဖွဲ့အစည်းကနေပြီးတော့ ​ပူးပေါင်းပါဝင်သွားဖို့ ​အသိအမှတ်ပြုသွားဖို့ ​အဲဒါမျိုးတော့ ​သဘောတူထားတယ်။”

သမ္မတ ​ဦးသိန်းစိန်နဲ့ ​ထပ်မံတွေ့ဆုံ ​ဖို့အတွက်ကို ​စီစဉ်ထားပြီး ​လက်ရှိ ​မြန်မာနိုင်ငံရေးမှာ ​ဒီမိုကရေစီ ​နည်းလမ်းကျကျ ​မတူတာတွေ ​ဘေးဖယ်ထားပြီး ​တူတာတွေကို ​ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ​၈၈ ​မျိုးဆက်တွေက ​ပြောဆိုခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် ​အစိုးရတက်လာပြီးနောက် ​၂၀၁၁ ​ခုနှစ်နဲ့ ​၂၀၁၂ ​အစောပိုင်းတွေမှာ ​ကိုမင်းကိုနိုင်၊ ​ကိုကိုကြီးနဲ့ ​ကိုမင်းဇေယျာ ​အပါအဝင် ​၈၈ ​မျိုးဆက်ကျောင်းသား ​အများစု ​အကျဉ်းထောင်တွေထဲက ​ပြန်လည် ​လွတ်မြောက်ခဲ့တာဖြစ်တဲ့အကြောင်း ​အေဘီစီ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှ ​က ​သတင်းပေး ​ပို့ထားပါတယ်။

No comments: