Tuesday, September 3, 2013

မလေးရှားရောက် မြန်မာလုပ်သားငါးရာခန့်ဖမ်းဆီးထား

မင်းမင်း၊ အောင်မင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၃ ရက် ၂၀၁၃

မလေးရှားအစိုးရက ၎င်းတို့နိုင်ငံအတွင်း၌ တရားမ၀င်နေထိုင်နေသော နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီး လျက်ရှိရာ စက်တင်ဘာ ၂ ရက်အထိ မြန်မာနိုင်ငံသားအလုပ်သမား ၅၀၀ ခန့်ဖမ်းဆီးခံထားရပြီဖြစ်ကြောင်း မလေးရှားရောက် ၈၈ ကျောင်းသားအဖွဲ့မှ ကိုအောင်ကြီးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့တော့ တချို့တွေလွတ်ရာကျွတ်ရာကို ထွက်ပြေးကြတယ်။ သူငယ်ချင်းတွေကတော့ ဘယ်နေရာကို ရောက်နေ တယ်ဆိုတာ ဖုန်းဆက်ကြတယ်” ဟု ကိုအောင်ကြီးကဆက်ပြောသည်။

မလေးရှားအစိုးရက စက်တင်ဘာလဆန်းတွင် တရားမ၀င်လုပ်သားများကို စတင်ဖမ်းဆီးမည်ဟု ကနဦးက ကြေညာ ခဲ့သော်လည်း သြဂုတ် ၂၆ ရက်ကတည်းက စတင်ဖမ်းဆီးနေသည်ဟုလည်း ၎င်းကဆိုသည်။

ဖမ်းဆီးမှုများကြောင့် ကွာလာလမ်ပူမြို့ရှိ တရားမ၀င်အလုပ်သမားအများစု လုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံများမှာ လည်း စက်တင်ဘာ ၂ ရက်မှစပြီး ပိတ်ထားရပြီဖြစ်သည်။

“မပိတ်လို့လည်း သူတို့ကအမိုးပေါ်တွေ၊ ထုပ်တန်းပေါ်တွေအထိ တက်ဖမ်းတာ” ဟု ကိုအောင်ကြီးက ရှင်းပြသည်။

“Ops 6P Bersepadu” ဟု အမည်ပေးထားသည့် ယင်းဖမ်းဆီးစစ်ဆေးရေး စီမံချက်များမှာ မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ enforcement personal အဖွဲ့၊ ရဲများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် ဒေသခံကောင်စီဝင်များ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး သုံးလကြာဖမ်းဆီး မည်ဟု မလေးအစိုးရက ထုတ်ပြန်ထားသည်။

“နေရပ်ပြန်ပို့ခံရမှာကို ကျွန်တော်အရမ်းစိုးရိမ်တယ်။ ကျွန်တော်တို့တွေအားလုံး မလေးရှားမှာ လာနေတာ ပြဿနာ ရှာဖို့မဟုတ်ဘူး။ ကိုယ့်နိုင်ငံထဲမှာ ကျန်ခဲ့တဲ့မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် အလုပ်လုပ်ချင်တာက ကျွန်တော်တို့ ရဲ့ ဆန္ဒပါ” ဟု မလေးရှားရောက် မြန်မာနိုင်ငံသား ကိုအောင်အောင်၏ ပြောဆိုချက် ကို The Star သတင်းစာကရေးသားထားသည်။

ယခုဖမ်းမိထားသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေ အခန်း ၆၊ ပုဒ်မ ၁၅ (၄) နှင့် ပုဒ်မ ၅၅ တို့ အရ အရေးယူသွားမည်ဖြစ်ပြီး “တရားမ၀င်အလုပ်သမားတွေကို ပြည်နှင်ဒဏ်ပေးပါမယ်။ အလုပ်ရှင်တွေကတော့ မလေးရှားရင်းဂစ် ၅၀,၀၀၀ (ကျပ်သိန်း ၁၅၀ ခန့်) နှင့်အထက် ဒဏ်ကြေးပေးဆောင်စေခြင်း၊ ထောင်ဒဏ်ငါးနှစ်အထိ ကျခံစေခြင်း (သို့မဟုတ်) ကြိမ်ဒဏ်ခြောက်ချက်ပေးနိုင်ခြင်းတို့နဲ့ အရေးယူနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ယင်းပြစ်ဒဏ် သုံးရပ် စလုံးကျခံရနိုင်ပါတယ်” ဟု လူဝင်မှုကြီးကြပ် ရေးဌာန၏ ဒုတိယဒါရိုက်တာ ဆာရ၀နကူးမား၏ပြောဆိုချက်ကို The Star သတင်းဌာနတွင် ဆက်လက်ဖော်ပြထားသည်။

ကိုအောင်ကြီးကမူ မြန်မာအစိုးရအနေနှင့် မလေးရောက်မြန်မာများ ကြိမ်ဒဏ်မပေးခံရရရေးအတွက် ညှိ နှိုင်းပေး သင့်သည်ဟုဆိုသည်။

“ကြိမ်ဒဏ်က ကျွန်တော်ကိုယ်တိုင် အထိခံဖူးထားတာဆိုတော့ မလွယ်ဘူးဗျ။ အေးလာရင် အသားကုန် ကိုက်တာ။ အလေးအပင်လည်း တော်တော်နဲ့ မမနိုင်ဘူး”ဟု ကိုအောင်ကြီးကကြိမ်ဒဏ်ပေးမှုနှင့် ပတ်သက်၍ပြောသည်။

မလေးရှားအစိုးရက စတင်ဖမ်းဆီးချိန်မှစပြီး Tanjung Sepat နှင့် Tanjung Rhu ရှိဝင်ပေါက်ထွက်ပေါက် နေရာများ ကို တင်းကျပ်စွာထိန်းချုပ်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလက္ကာနှင့် စလန်ဂေါကမ်းခြေများအကြားရှိ ကမ်းခြေရှစ်နေရာ ကိုလည်း ထွက်ပြေးတိမ်းရှောင်သူများ မသုံးနိုင်စေရန် ပိတ်ဆို့ထားသည်ဟု လည်း The Star သတင်းဌာနကရေးသားထားသေးသည်။

No comments: