Sunday, September 1, 2013

မလေးရှားလဝကရဲ့ ရာဇာသံ ထွက်ပေါ်လာခဲ့ပြီ (မလေးရောက် မြန်မာ များအတွက် အထူးသတင်း)

မလေးရှားရောက် မြန်မာများ

လာမည့် တနင်္ဂနွေနေ့က စပြီး မလေးရှား အာဏာပိုင် အဖွဲ့အစည်း အားလုံးက ခန့်မှန်းခြေ ၅၀၀၀၀၀ (၅သိန်း) ခန့်ရှိတဲ့ တရားမဝင် နေထိုင် သူများ အားလုံးကို တိုင်းပြည်လုံး ပိုက်စိပ်တိုက် ရှာဖွေတော့မည် ဖြစ်ကြောင်းကို ယနေ့ The Star သတင်းစာမှာ ပြည့်ပြည့် စုံစုံ ရှင်းလင်း တင်ပြ သွားခဲ့ပါသည် ။

ယခင် တင်ပြခဲ့သည့် အတိုင်း ယခု စီမံချက် Operation တွင် မလေးရှားနိုင်ငံ၏ လဝက ၊ရဲ ၊ စစ်တပ် ၊ ရေးလား ၊ ပြည်သူ့စစ် အပါအဝင် တိုင်းပြည်ရှိ အာဏာပိုင် အဖွဲ့အစည်း အားလုံး ပူးပေါင်း ရှာဖွေမည့် အင်အား ၁၃၅၀၀၀ ပါဝင်မည့် အကြောင်းကို ရေးသား ထားခဲ့သည် ။

ထိုအထဲတွင် လဝက မှာ အဓိက ပါဝင် စစ်ဆေးမည် ဖြစ်သည် ။ ယခု အစီအစဉ်တွင် ကွာလာမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်း ၊ ဂျိုဟိုး စသည့် နေရာ များရှိ တရားမဝင် အလုပ်သမားများ ရှိသည့် သတ်မှတ် နေရာများကို အဓိက စစ်ဆေး သွားမည့် အကြောင်း ဖော်ပြ ထားပါသည်။

ဖမ်းဆီး ရမိသူများ အားလုံးကို မည်သည့် ရဲစခန်းသို့မှ ပို့မည် မဟုတ်ပဲ မလေးနိုင်ငံရှိ တရားမဝင် နေထိုင် သူများကို ထိန်းသိမ်းမည့် လဝက ကန့် ၁၂ ခုသို့ တိုက်ရိုက်ပို့ သွားမည် ဖြစ်ကြောင်းကို လည်း လဝက အရာရှိ Datuk Alias Ahmad ကပြောကြား သွားသည်။

ထို့အပြင် တရားမဝင် အလုပ်သမားများကို အလုပ်ပေး ထားသည့် အလုပ်ရှင် များကိုလည်း တရား ဥပဒေ အရ Migrants Act 2007 အတိုင်း အရေး ယူသွားမည့် ဖြစ်ကြောင်း ရေးသား ထားသည်။ ယခု စီမံချက် အတွက် တရားဝင် အလုပ်သမားများ မပါဝင်စေရန် ထိုသူတို့အတွက် လုံလောက်သော အထောက်အထား များကို သူဌေးများမှ ထုတ်ပေး ထားရန် ယနေ့တရားဝင် ကြော်ငြာ ထားပြီး ဖြစ်သည်ဟု ဖော်ပြထားသည် ။

ယခု စီမံချက်သည် 6P စီမံချက် အတွင်း မှတ်ပုံတင် ထားသူများ ထဲမှ တရားဝင် လာရောက် မဆောင်ရွက်သော သူများ အားလုံးကို အဓိကထား ရှာဖွေမည် ဖြစ်ပြီး တွေ့ရှိပါက မည်သည့် တရားဝင် ဆောင်ရွက်မှု မျိုးမှ ပေးမည် မဟုတ်ကြောင်း နှင့် တရားဝင် ဆောင်ရွက်ပေးသော အေးဂျင်းများမှ အဓိက တာဝန် ယူရမည့် အကြောင်းကို ဖော်ပြထားသည် ။


အဆိုပါ 6P စီမံချက်တွင် တရားဝင် ဆောင်ရွက် ထားသော သူ ၂ သန်းကျော် အတွင်း ခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက် စာတမ်း မပြည့်စုံ သူများဖြစ်ကြောင်း တွေ့ရှိရပြီး ဖြစ်ကြောင်း ။ထိုသူများ ထဲမှာ ၅ သိန်းကျော်ကို တရားဝင် ပါမစ်များ ထုတ်ပေး ခဲ့ပြီး ကျန်သည့် ၃သိန်း ၃ သောင်းကျော်မှာ ယနေ့ထိတိုင် တရားဝင် ပါမစ် အတွက် မဆောင်ရွက် သေးကြောင်း ။

ယခု မလေးရှား အစိုးရမှ အခွင့်အရေး အပြည့်ပေးထားပြီးဖြစ်ကြောင်း ။
ယခု အချိန်သည် 6P စီမံချက်၏ enforcement ဆောင်ရွက်ရန် အချိန် ကျရောက်ပြီ ဖြစ်ကြောင်း အထူးသဖြင့် ဂျိုဟိုး ပါစီဂူးဒန်းမှ ဝင်ရောက် လာသော အင်ဒိုနီးရှား နိုင်ငံသားများမှာ အိုဗားတေးနေထိုင်မှု အထူးများပြားကြောင်း ။

ထပ်မံပြီး တရားမဝင် နေထိုင်သူများ အနေဖြင့် ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ဗီယက်နမ် နှင့် နီပေါနိုင်ငံသားများ ရှိနေကြောင်း ။

ဒါတွတ်အလီ မှ ဆက်လက် ပြောကြား ရာတွင် ကြောင်နှင့်ကြွက် ကစားပွဲကြီး အတွက် မလေးရှား အစိုးရမှ အပြည့်အဝ ပြင်ဆင်ပြီး ဖြစ်ကြောင်း နှင့် လာမည့် တနင်္ဂနွေနေ့မှ စတင်ပြီး ထိုတရားမဝင် နေထိုင် သူများ ရုတ်တရက် ပျောက်ကွယ် သွားရမည် ဖြစ်ကြောင်း ကို..။

တရားမဝင် နေထိုင်သူများ အားလုံး ပုန်းနေခဲ့တာ ကြာပြီ မည်မျှ ဆက်လက် ပုန်းအောင်းနိုင်မည်ကို စောင့်ကြည့်စေလိုကြောင်း ။

၃ လတိတိ ဆက်တိုက် ပြုလုပ်မည့် အဆိုပါ အော်ပရေးရှင်းတွင် မလေးရှားနိုင်ငံမှ တရားမဝင် နေထိုင်သူများ အားလုံး ပျောက်ကွယ် ရမည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည် ဖြစ်သည့် အကြောင်း .. ။

တရားမဝင် နေထိုင်သူများ အတွက် ကာကွယ်ပေးသူ ၊ အကူအညီ ပေးသူများ အားလုံးကို ဒဏ်ငွေ ၅၀၀၀၀၀ နှင့် ထောင်ဒဏ် အနှစ် ၂၀ အထိ အမြင့်ဆုံး သတ်မှတ် ထားသည့် အတွက် မည်သူမျှ ကာကွယ် မပေးစေလိုကြောင်းကို ...။


အလုပ်ရှင်များ အားလုံး သိစေရန်မှာ အခွင့်အရေး ပေးထားပြီးသည့် အတွက် မည်သည့် တရားမဝင် အလုပ်သမားကိုမှ ဆက်လက် မထားတော့ရန် အချိန်ရောက်ပြီ ဖြစ်ကြောင်းကို .လဝက ဒါရိုက်တာ ဒါတွတ်အလီမှ ပြောကြားသည့် အတိုင်း မလေးရှားရောက် မြန်မာနိုင်ငံသားများ သိရှိစေရန် ဘာသာပြန် တင်ဆက် ပေးရပါသည် ။

Source : http://www.thestar.com.my/News/Nation/2013/08/28/Nations-biggest-ever-crackdown-soon.aspx

No comments: