Sunday, September 1, 2013

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ အကျိုးအမြတ် ခံစားခွင့်ရရှိရေး ကျေးရွာ ၂၅ ရွာမှ ဒေသခံများ တောင်းဆို

မောင်ရမ္မာ

ရခိုင်ပြည်နယ် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များကို ဒေသခံများ ခွဲဝေ ခံစားခွင့်ရရှိရေး အတွက် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ ရွာမှ ဒေသခံများက အစည်းအဝေး တစ်ရပ်ပြုလုပ်ကာ တောင်းဆို လိုက်သည်။

ကျောက်ဖြူမြို့နယ် နှမ်းဖဲတောင် ကျေးရွာတွင် သြဂတ်စ်လ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် လူထု ဆွေးနွေးပွဲမှ ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဦးထွန်းလွင်က နိရဉ္စရာ သို့ ပြောသည်။

“ ကျွန်တော်တို့ ရခိုင်ပြည်နယ်က ထွက်တဲ့ သတာဝဓာတ်ငွေ့တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က စပြီး တရုတ်နိုင်ငံကို စ ပို့လွှတ်နေပြီ ဖြစ်ပါတယ်။ အဲဒီဓာတ်ငွေ့ရောင်းရတဲ့ အကျိုးအမြတ်တွေကို ပိုက်လိုင်းဖြတ်သွားလို့ ဆုံးရှုံး နစ်နာသွားတဲ့ ဒေသခံကျေးရွာသားတွေ အနေနဲ့ ခွဲဝေ ခံစားနိုင်ခွင့်ရရှိရေး အတွက် ခုလို လူထု စည်းဝေးပွဲလုပ်ပြီး တောင်းဆိုတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ဒေသခံ လူထု အနေဖြင့် နိုင်ငံတော် သမ္မတအထိ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ အစည်းအဝေးတွင် အဓိက အချက် (၈) ချက်ကို တောင်းဆိုသွားရန် ဆုံးဖြတ် ခဲ့ကြကြောင်း ဦးထွန်းလွှင်က ဆိုသည်။

သမ္မတထံ တင်ပြတောင်းဆိုသည့် နေ့မှစ၍ ရက်ပေါင်း ၂၀ အတွင်း တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိပါက ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ကာ ဆက်လက် တောင်းဆိုသွားမည်ဟု သူက ပြောသည်။

နှမ်းဖဲတောင်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးသို့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ကျေးရွာများ ဖြစ်ကြသည့် ကြတ္တိန်၊ သပြုတောင်၊ မင်းပြင်၊ သဖန်းချောင်း စသော ကျေးရွာပေါင်း (၂၅) ကျော်က ဒေသခံ လူထု ၂၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓါတ်ငွေ့ကို တရုတ်သို့ တင်ပို့ ရောင်းချခြင်းဖြင့် မြန်မာ အစိုးရ အနေဖြင့် နှစ်ပေါင်း (၂၀) အတွင်း အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံ ရရှိမည် ဖြစ်သော်လည်း ရခိုင်ပြည်သူများမှာ တစ်စုံတစ်ရာ အကျိုးခံစားခွင့် မရရှိဘဲ ဖြစ်နေသဖြင့် ရခိုင်ပြည်သူများ အကြားတွင် မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။


ရွှေသဘာဝဓါတ်ငွေ့မှ ရရှိသည့် အကျိုးအမြတ်ကို ခွဲဝေ ခံစားခွင့် ရရှိရေးအတွက် ဒေသခံများ အနေဖြင့် ၂၀၁၃ ခု ဇူလိုင်လ ၁၁ ရက်နေ့က လိပ်ခမော်ကျေးရွာတွင် တကြိမ်၊ ၂၀၁၃ ခု ဇူလိုင်လ ၂၂ ရက်နေ့က ကြတ္တိန် ကျေးရွာတွင်တကြိမ် လူထုဆွေးနွေးပွဲများ ပြုလုပ်ကာ တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာ မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

No comments: