Monday, September 23, 2013

မိုင်းထိထားသူများ၏ ဖွံ့ ဖြိုးရေးကဏ္ဍအတွက် အစိုးရဘတ်ဂျက်မှ ခွဲဝေပေးရန် တိုက်တွန်းမည်

အေးမြင့်စန်း | တနင်္လာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၃

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အတွင်းမိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိသူများအား ပြည်လည် ထူထောင်ရေးလုပ်ရန် အတွက် သီးသန့်ရန်ပုံငွေထားရှိကာ ဆောင်ရွက်ပေးရန် ပဲခူးတိုင်းအစိုးရအဖွဲ့သို့ တိုက်တွန်းသွားမည်ဟုကျောက်ကြီးမြို့နယ် ပြည်သူလွှတ်တော်အမတ် ဦးဥာဏ်ဆွေဝင်းက မဇ္ဈိမကို ပြောသည်။

“မိုင်းဟောင်းတွေနင်းမိလို့ ခြေပြတ်လက်ပြတ်ဖြစ်နေသူတွေ ပြန်လည်ထူထောင်ရေးအတွက် ပထမဦးစားပေးအနေနဲ့ ရန်ပုံငွေတစ်ရပ် ထားပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးကတစ်ဆင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြမှာပါ” ဟု ဦးဥာဏ်ဆွေဝင်းက ပြောသည်။

ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေဖြစ်ပြီး ယခင်ကအစိုးရနှင့် KNU တို့ တိုက်ပွဲများဖြစ်စဉ်က မြှုပ်နှံခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် ယခုနှစ်ထိ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရနေဆဲဖြစ်သည်။

မိုင်းနင်းမိကာ ခြေပြတ်လက်ပြတ် ဖြစ်သူများ၏ စားဝတ်နေရေးနှင့် ၎င်းတို့၏ သားသမီးများအတွက် ကျောင်းစရိတ်အားထောက်ပံ့ပေးရန်စသော လိုအပ်ချက်များကို ပဲခူးတိုင်းဒေသကြီး အစိုးရ၏ ဘဏ္ဍာငွေထဲမှ ခွဲဝေကာ ရန်ပုံငွေတစ်ရပ် အဖြစ် ထူထောင်ပေးရန် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး အဖွဲ့မှ တစ်ဆင့် ပဲခူးတိုင်းလူမှုရေး ၀န်ကြီးထံ တင်ပြမည်ဖြစ်သည်ဟု ဦးဥာဏ်ဝင်းဆွေက ပြောသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ မြေမြှုပ် မိုင်းနင်းမိသူ အများစုသည် ပဲခူးရိုးမ တောင်ခြေတွင် မျှစ်ခူးခြင်း၊ ၀ါးခုတ်ခြင်း၊ အင်ဖက်ခူးခြင်းများဖြင့် အသက်မွေးသူများဖြစ်ပြီး အသက်၁၆နှစ်မှ ၆၀အတွင်း ရှိသူများဖြစ်ကြောင်း သိရသည်။

၁၉၈၃ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ကျောက်ကြီးမြို့နယ်အတွင်း မြောင်းမြကျေးရွာရှိ အိမ်ခြေ၄၀တွင် မိုင်းနင်းမိသူပေါင်း အယောက် ၃၀ ရှိနေပြီး ခြေထောက် နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရသူ ၁၃ဦးရှိ နေသည်။ ကျောက်ကြီးမြို့နယ် တစ်ခုလုံး တွင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရထားသူ ၃၃၃ဦးရှိပြီး ၂၀၁၃ခုနှစ်အတွင်း၌ပင် မိုင်းနင်းမိသူ သုံးဦးရှိနေသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကမူ ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ကျန်ရှိနေသော မြေမြှုပ်မိုင်းများကို ရှာဖွေရှင်းလင်းပေးမည်ဖြစ်ကြောင်း ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင် မော်လမြိုင်မြို၌ ပြောခဲ့ဖူးသည်။

No comments: