Saturday, September 14, 2013

တံတားဖြတ်သန်းခ တန်ပိုဒဏ်ကြေး မြင့်မားနေခြင်းက စက်မှုဖွံ့ဖြိုးရေးကို ထိခိုက်ဟုဆို

ထင်လင်းအောင်

ကုန်တင်ယာဉ်များ၏ လှိုင်သာယာ တံတားဖြတ်သန်းခ တန်ပိုဒဏ်ကြေးပေးဆောင်ရမှုမှာ စင်ကာပူဆိပ်ကမ်းသို့ သင်္ဘောဖြင့် ပို့ဆောင်သည့် ကုန်ကျစရိတ်ထက်ပင်ပိုများသောကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားကာ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကို ထိခိုက်နေစေကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုသည်။

တံတားဖြတ်သန်းမှု စည်းမျဉ်းများအရ ကုန်သေတ္တာများကို ကုန်သေတ္တာတင်ယာဉ် သီးသန့်ခေါင်းတွဲ ယာဉ်များဖြင့်သာ သယ်ယူခွင့်ပြုပြီး ၁၀ဘီးကားများဖြင့် ကုန်သေတ္တာတင်ပါက သတ်မှတ်တန်ချိန်ကို အလိုလို ကျော်လွန်နေသဖြင့် ဒဏ်ကြေး ကျပ်နှစ်သောင်းမှ ကျပ်တစ်သိန်းနှစ်သောင်း အထိပေး ဆောင်ရသည်။

တံတားဖြတ်သန်းရာတွင် အာဆီယံစံနှုန်းများအရ ၁၀ ဘီးကားတစ်စီးလျှင် ယာဉ် နှင့်ကုန်စုစုပေါင်း တန်ချိန် ၂၁ တန် သာ တင်ဆောင်ခွင့်ရှိပြီး ပြည်ပပို့ကုန်များတင်ပို့ရာတွင်မူ နိုင်ငံခြားဝယ်ယူသူများ၏ သတ်မှတ်စံနှုန်းများအရ ကုန်သေတ္တာတစ်လုံးတွင်မူ ကုန်ပစ္စည်းအလေးချိန်၂၄ တန် အတိအကျ ထည့်သွင်းရခြင်းကြောင့် ယာဉ်မပါကုန်ပစ္စည်း သီးသန့်ကို သတ်မှတ်တန်ချိန် ကျော်လွန်ကာ ဒဏ်ကြေးပေးနေရခြင်း ဖြစ်သည်။

ကုန်သေတ္တာအလေးချိန်အားလျှော့ချရန်လည်း မဖြစ်နိုင်သဖြင့် ဒဏ်ကြေးပေးပြီး ကုန်တင်နေရသည်ဟု လုပ်ငန်းရှင် များက ဆိုသည်။

ရန်ကုန်မြို့ရှိ ကုန်တင်ယာဉ် အငှားဌာနအနေဖြင့် ကုန်သေတ္တာတင်ဆောင်နိုင်သည့် ခေါင်းတွဲယာဉ်များ လုံလောက်မှု မရှိသဖြင့် ၁၀ ဘီးကားများဖြင့် ကုန်သေတ္တာတင်ဆောင်နေရခြင်းဖြစ်ရာ တန်ပိုဒဏ်ကြေးများ အလိုအလျှောက်ပေးဆောင်နေရခြင်း ဖြစ်သည်။

ပဲတင်ပို့သည့် လုပ်ငန်းရှင်လည်းဖြစ် ဘုရင့်နောင်ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာမျိုးလွင်က “ကုန်သေတ္တာ သီးသန့်တင်တဲ့ ယာဉ်က လုံလောက်မှုမရှိတော့ ရတဲ့ကားနဲ့ပဲ ကုန်သေတ္တာတင်ရတာပဲ။ ဘယ် ကုန်သည်ကမှ ကွန်တိန်နာတင်တဲ့ ယာဉ်ကိုတော့ ၀ယ်မထားပါဘူး။ ကားငှားပြီးတော့ပဲ တင်ကြရတာ။ တံတားဖြတ်ခ တင်ပဲ စင်ကာပူကို ပို့တဲ့ကုန်ကျစရိတ်နဲ့ သွားညီနေတာ။ ဒါကို ဘယ်လိုလုပ် ပေးကြမလဲဆိုတာ စဉ်းစားဖို့ လိုနေပါပြီ” ဟု ပြောသည်။

မြန်မာနိုင်ငံထွက် ပို့ကုန်များအား စင်ကာပူနိုင်ငံသို့ သင်္ဘောဖြင့် တင်ပို့ရာတွင် ပေ၂၀ ကုန်သေတ္တာ တစ်လုံး၏ ကုန်ကျ စရိတ်မှာ ကန်ဒေါ်လာ ၅၀ မှ ၇၀ အထိသာကျသင့်သော်လည်း တံတားဖြတ်သန်းခ တန်ပို ဒဏ်ကြေးမှာ ကန်ဒေါ် ၁၀၀ ကျော်အထိကျသင့်နေသည်။

ယင်းသို့ တံတားဖြတ်သန်းခ တန်ပိုဒဏ်ကြေးပေးဆောင်ရမှုများနေခြင်း ကိစ္စအားစက်တင်ဘာလ ၈ ရက် ကမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် စီးပွားရေးကဏ္ဍ အသီးသီးမှ လုပ်ငန်းရှင်များ နှင့်တွေ့ဆုံစဉ်တွင်လည်း တင်ပြထားသည်။ သို့ရာတွင် သူရ ဦးရွှေမန်းမှာ ဥပဒေပြုရေး မဏ္ဍိုင်တွင် ရပ်တည်နေသူဖြစ်ခြင်းကြောင့် လုပ်ငန်းရှင်းများ၏ တင်ပြသည့် အသံများကို မှတ်တမ်းယူခြင်းသာရှိခဲ့ပြီး မည်သို့ဆောင်ရွက်ပေးမည်ဆိုခြင်းအား အတည်ပြုခဲ့ခြင်း မရှိ ကြောင်း လုပ်ငန်းရှင်များကဆိုသည်။

ငါးပုစွန်အအေးခန်းစက်ရုံလုပ်ငန်းရှင် ဦးထွန်းအေးက“ လွှတ်တော်နာယကက ဥပဒေပြုတဲ့ ဘက်ကဆိုတော့ တင်ပြတာတွေကို မှတ်တမ်းယူသွားတာပဲ ရှိတာပေါ့။ ဘယ်လို ဖြစ်သင့်တယ်ဆိုတာက လုပ်တဲ့ အဖွဲ့အစည်းက လုပ်ပေးရမှာ။ တံတားဖြတ်သန်းခ တန်ပိုကိစ္စကတော့ လုပ်ငန်းရှင်တွေအတွက် အရမ်းကို ၀န်ပိစေတယ်” ဟု ပြော သည်။

လှိုင်သာယာ (အောင်ဇေယျ)တံတား နှင့် ရွှေပြည်သာတံတားဖြတ်သန်းခံ တန်ပိုနှုန်းထား မြင့်မားနေခြင်းကို လျှော့ချ သတ်မှတ်ပေးရန်အတွက် လုပ်ငန်းရှင်များစုပေါင်းကာ ၂၀၁၂ခုနှစ်အတွင်းက လုပ်ငန်းရှင်များ စုပေါင်းကာဆောက်လုပ်ရေးဝန်ကြီးဌာနထံ တင်ပြခဲ့ဖူးသည်။ ထိုစဉ်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အာဆီယံစံနှုန်းအတိုင်းသာကောက်ခံကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဒေါက်တာမျိုးလွင်က ဆိုသည်။

ဒေါက်တာမျိုးလွင်က“ကောက်နေတဲ့ သူတွေဘက်ကတော့ အာဆီယံစံနှုန်းအရ ကောက်ခံတာပါ။ ဒဏ်ကြေး မပေးချင် ရင် တန်ပိုမတင်နဲ့လို့ ပြောမှာပေါ့။ ဒါပေမဲ့ကျွန်တော်တို့ဘက်မှာက ဒဏ်ကြေးမပေးရ အောင်ခေါင်းတွဲနဲ့ ကုန်တင်ယာဉ် ကို မရလို့မတင်ဘဲ အလုပ်မလုပ်ရဘူးဆိုရင် တစ်နှစ်ပတ်လုံး အလုပ်လုပ်ရတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။

ယင်းသို့ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ် မြင့်မားခြင်းကြောင့် လုပ်ငန်းရှင်များသည် ပို့ကုန်ဖြစ်ပါက တောင်သူများ ထံမှ ၀ယ်ယူသည့် ကုန်ကြမ်းအပေါ်တွင် ဈေးနှိမ်ဝယ်ယူ၍ သွင်းကုန်ဖြစ်ပါက ဈေးကွက်သို့ ဖြန့်ချိရာတွင်ဈေးတင်ရောင်းချမှုများပြုလုပ်ပြီးဖြေရှင်းရာ စားသုံးသူပြည်သူများသာ နစ်နာကြောင်း ယင်းတို့ဆိုသည်။

ဦးထွန်းအေးက “စက်မှုလုပ်ငန်းတွေ မဖွံ့ဖြိုးဘူး မဖွံ့ဖြိုးဘူးပြောနေပေမယ့် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၀န်ပိနေတာ ကျတော့ ဘာလုပ်ပေးရမလဲ မစဉ်းစားဘူး။ အရှုံးမဖြစ်အောင် အတော်ကို ကြိုးစားနေကြရတာ ဘယ်လိုလုပ် ဖွံ့ဖြိုးနိုင် မှာလဲ။ ဒီစရိတ်တွေကလည်း စားသုံးသူနဲ့ အခြေခံထုတ်လုပ်သူတွေပဲ ထိတာပဲ”ဟု ပြောသည်။

ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန လက်အောက်အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာနိုင်ငံကုန်သေတ္တာ သယ်ယူ ပို့ဆောင်ရေးအသင်းရှိ ကုန်သေတ္တာတင်ဆောင်နိုင်သော ခေါင်းတွဲယာဉ် အစီးရေမှာ ၄၀၀ ခန့်သာရှိ ခြင်းဖြစ်ပြီး ရန်ကုန်မြို့ ရှိ နေ့စဉ်ကုန်သေတ္တာအ၀င်အထွက်မှာ ၇၀၀မှ ၁၀၀၀ အကြားရှိသည်။

No comments: