Monday, September 2, 2013

ပုဂ္ဂလိကသတင်းစာများ ဘဏ်ချေးငွေရရှိရန် စီစဉ်ပေးမည်ဟု ပြန်ကြားရေးဝန်ကြီးပြော

အေးမြင့်စန်း | တနင်္လာနေ့၊ စက်တင်ဘာလ ၀၂ ရက် ၂၀၁၃

ပြည်တွင်းတွင် ထုတ်လုပ်နေသော ပုဂ္ဂလိကသတင်းစာများ ဘဏ္ဍာရေးလိုအပ်ချက်ရှိပါက ချေးယူနိုင်ရန် ဘဏ်ချေးငွေ ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးအောင်ကြည်က ပြောသည်။

ဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းမှာ စက်တင်ဘာ ၁ ရက်က နေပြည်တော် သမ္မတအိမ်တော်တွင် နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေးဝန်ကြီးများနှင့် စာနယ်ဇင်းကောင်စီ (ယာယီ) မှ တာဝန်ရှိသူများတွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ယင်းပွဲသို့ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိ ယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို အတည်ပြုပြောကြားလိုက်ခြင်း ဖြစ်သည်။

ဦးခင်မောင်လေးက “ပုဂ္ဂလိက သတင်းစာတွေကို ဘဏ်ကငွေထုတ်ချေးဖို့ အစီအစဉ်ရှိတယ်လို့ ပြည်ထောင်စု ၀န်ကြီးက ပြောခဲ့တာပါ၊ တရားဝင်ထုတ်ပြန် ကြေညာပြီး ပြောလိုက်ရင်တော့ စာနယ်ဇင်းလောက တစ်ခုလုံးအတွက် သတင်းကောင်းပါပဲ” ဟု ပြောသည်။

ယင်းသို့ ချေးငွေများရရှိအောင် ဆောင်ရွက်ပေးခြင်းမှာ သတင်းမီဒီယာဥပဒေ အတည်ပြုပြီးချိန်တွင် စာနယ်ဇင်းကောင်စီ၏ ထောက်ခံချက်များနှင့် ဘဏ်ချေးငွေကို ပေးခြင်းဖြစ်နိုင်မည်ဟုလည်း ၎င်းကပြောသည်။

ယင်းသို့ ချေးငွေချေးမည်နှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကအစိုးရဘဏ်များနှင့် ချိတ်ဆက်၍ ချေးငွေရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုလည်း မဇ္ဈိမ၏ဆက်သွယ် မေးမြန်းမှုကို အတည်ပြု ပြောကြားသည်။

၎င်းက “ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းရဦးမယ်၊ အခြားဝန်ကြီးဌာနတွေနဲ့လဲ ဆွေးနွေးပြီး ဘဏ်ချေးငွေ အမြန်ဆုံး ရရှိအောင် ဆောင်ရွက်သွားမှာပါ” ဟုပြောသည်။

“မီဒီယာတွေမှာ အင်အားကြီးတဲ့သူတွေကျန်ခဲ့ပြီး အင်အားနည်းတဲ့သူတွေ၊ ငွေကြေး မတတ်နိုင်တဲ့ မီဒီယာတွေပျောက်ကွယ်သွားမှာ စိုးတဲ့အတွက် ငွေချေးတာအပါအ၀င် အခြားကူညီထောက်ပံ့မှုတွေ လုပ်ဖို့ ဆောင်ရွက်သွားမှာ ပါ” ဟု ဦးရဲထွဋ်က ဆက်လက်ပြောသည်။

သတင်းလွတ်လပ်ခွင့်အတွက် စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတဦးသိန်းစိန် တွေ့ဆုံခဲ့ရာတွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ သမ္မတက အာမခံခဲ့သည်ဟုလည်း ဦးခင်မောင်လေးက ပြောသည်။

“ဒီမိုကရေစီ နိုင်ငံတော်မှာ သတင်းလွတ်လပ်ခွင့်က မရှိလို့မဖြစ်ဘူး၊ ရှိကိုရှိရမယ်လို့ သမ္မတကြီးကပြောတယ်၊ ရှိအောင်လည်း ကူညီမယ်၊ တိုက်တွန်းသွားမယ်လို့ပြောတယ်” ဟု သမ္မတ၏ ပြောကြားမှုကိုထပ်ဆင့် ပြန်ပြောသည်။

No comments: