Friday, September 20, 2013

မဒေးကျွန်း ဆန္ဒဖေါ်ထုတ်သူ ၁၀ ဦး အမူ စီရင်ချက်ချမည့်နေ့ကို ယခုလ ၂၆ ရက်သို့ ရွှေ့ဆိုင်း

နိရဉ္စရာ

ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရားစွဲခံရထားရသော ဆန္ဒဖေါ်ထုတ် (၁၀) ဦး၏ အမူ စီရင်ချက်ချမည့်နေ့ကို စက်တင်္ဘာလ ၂၆ ရက်နေ့သို့ ထပ်မံ ရုံးချိန်းရွှေ့လိုက်သည်ဟု ယနေ့ တရားရုံး တက်ရောက်ခဲ့သူ ဒေသခေါင်းဆောင် ကိုထွန်းကြည်က ပြောသည်။

“ ကျွန်တော်တို့ အထဲက ၃ ဦးဘဲ တရားရုံးကို ရောက်တယ်။ ကျန်တဲ့ ၇ ဦးက ခွင့်တိုင်တဲ့ အတွက် အပြီးသတ် အမူကို စီရင်ချက် မချနိုင်ခဲ့ဘူး။ နောက်လာမယ့် စက်တင်္ဘာလ ၂၆ ရက်နေ့ကို ထပ် ရွှေ့လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ (စက်တင်္ဘာလ ၁၉ ရက်နေ့) ရုံးချိန်းတွင် တက်ရောက်ခဲ့သူ (၃) ဦးမှာ ကိုထွန်းကြည်၊ ဦးအောင်သိန်းထွန်းနှင့် ဦးထွန်းခင်နုတို့ ဖြစ်ကြပြီး ကျန် (၇) ဦးမှာ ပျက်ကွက်ခဲ့သည်။

ကျောက်ဖြူမြို့နယ် တရားသူကြီး ဦးနေ၀င်းမှ အမူ စီရင်ချက်ချမည့်နေ့ကို စက်တင်္ဘာ ၂၆ ရက်သို့ ရွှေ့ဆိုင်းကြောင်း ကျေညာခဲ့သည်ဟု ဆိုသည်။

သူတို့ (၁၀) ဦးအား စက်တင်္ဘာလ ၁၂ ရက်နေ့က စီရင်ချက်ချရန် ရုံးချိန်းထားပြီးမှ စီရင်ချက်ကို ရေးသားနေသည်မှာ မပြီးစီးသေးဟု ဆိုကာ တရားသူကြီး ဦးနေ၀င်းမှ စက်တင်္ဘာ ၁၉ ရက်နေ့သို့ ပထမ အကြိမ် ရုံးချိန်း ရွှေ့ဆိုင်းခဲ့သည်။ စက်တင်္ဘာလ ၁၉ ရက်နေ့တွင် ဆန္ဒဖေါ်ထုတ်သူ (၁၀) ဦးထဲမှ ၇ ဦး ပျက်ကွက်သဖြင့် ဒုတိယ အကြိမ် စက်တင်္ဘာလ ၂၆ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေးလိုက်ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဒေသခံ ၅၀၀ ခန့်သည် ကျွန်းပေါ်တွင် လုပ်ကိုင်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ထိခိုက်နစ်နာမူများ ရှိနေသဖြင့် တရုတ်ကုမ္ပဏီ CNPC ကို ယခုနှစ် ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။


၎င်းဆန္ဒပြပွဲအတွက် ခွင့်ပြုချက် (၃) ကြိမ်တိတိ တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်ပြုချက် မပေးခဲ့သဖြင့် နောက်ဆုံးတွင် ခွင့်ပြုချက်မရရှိဘဲ ဆန္ဒပြခဲ့ကြရာ ရွာသားများအထဲမှ ခေါင်းဆောင် (၁၀) ဦးကို ကျောက်ဖြူမြို့နယ် ရဲစခန်းမှ စီတန်းလှည့်လည်မူဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့သည်။

ဆန္ဒပြစဉ် အတွင်း ကျွန်းသူ ကျွန်းသားများက မဒေးကျွန်းပေါ်ရှိ ကျေးရွာများတွင် လျှပ်စစ်မီးပေးရန်၊ ရွာချင်းဆက် လမ်းများ ဖေါက်လုပ်ပေးရန်၊ သိမ်းဆဲခံ လယ်မြေများနှင့် ပျက်စီးသွားသော လယ်မြေများကို လျော်ကြေးပေးရန်၊ ဒေသခံများကို အလုပ်ခန့်ထားရန်၊ လစာကို နိုင်ငံခြား ကုမ္ပဏီများ၏ စံနုန်းများ အတိုင်းပေးရန်၊ မဒေးကျွန်း အနီးတ၀ိုက် ပြန် ငါးဖမ်းခွင့်ပေးရန် စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်။

No comments: