Friday, September 20, 2013

အာဏာတည်ပြီးသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ရှင်သန်လာဖို့ လို

သိင်္ဂီထွန်း | သောကြာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၃

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အာဏာတည်သည်ဟု စက်တင်ဘာ ၁၇ရက်က သမ္မတဦးသိန်းစိန်က သတ်မှတ်ခဲ့ပြီးနောက် ထိုဥပဒေကို ရှင်သန်လာစေရန် လုပ်ဆောင်ဖို့ လိုအပ်သည်ဟု အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က မဇ္ဈိမကို ပြောသည်။

“ဒီဥပဒေရှင်သန်ဖို့ အများကြီး ဆက်လုပ်ဖို့ လိုတော့လိုသေးတယ်။ ဥပဒေကြီးထွက်ပြီး မရှင်သန်မှာတော့ စိုးရိမ်တာပေါ့” ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

ထိုဥပဒေအား ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၈ ရက်က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပြဋ္ဌာန်းပြီး တစ်လနှင့် တစ်ဆယ်ရက်အကြာတွင် သမ္မတက အာဏာတည်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ် သည်။

ယခုကဲ့သို့ အဂတိလိုက်စားမှုများအား အရေးယူဆောင်ရွက်ရန် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံမှ ၀န်ထမ်းများအား အဂတိလိုက်စားမှု မရှိစေရန်မူ အစိုးရ၏အထောက်အပံ့များ လိုအပ်နေသေးသည်ဟု ဦးအောင်ကြည်ညွန့်က ဝေဖန်သည်။

“ဗမာပြည်မှာရှိတဲ့ ၀န်ထမ်းအားလုံးက လစာကိုသာရပြီး အထောက်အပံ့မရှိဘူး။ ဥပမာ နယ်ပြောင်းရတဲ့ ဆရာဝန်တွေ ဆို အစိုးရကစီစဉ်မပေးလို့ အိမ်ငှားနေရတာမျိုးတွေရှိတယ်။ အဲတော့ ရတဲ့လစာက အိမ်လခပဲ ဖြစ်နေတယ်။ ၀န်ထမ်းတွေကို လစာတိုးပေးတယ်ဆိုတာထက် လစာပေါ်မှာ အခြေမခံဘဲ လိုအပ်တဲ့ အဆောင်အယောင်တွေ ကျန်းမာရေး၊ ပညာရေး စတာတွေ ဖြည့်ဆည်းပေးဖို့ လိုတာပေါ့”ဟု ဦးအောင် ကြည်ညွန့်က ပြောသည်။

အဂတိလိုက်စားမှုလျော့နည်းရန် ၀န်ထမ်းများအား အတွေးအခေါ်များကို ပြောင်းလဲဖို့လိုအပ်သလို ပညာပေးမှုများ၊ အဂတိ လိုက်စားမှုများအား စောင့်ကြည့်အရေးယူရန် ကော်မတီများဖွဲ့၍ ဆောင်ရွက်ရန်လည်း လိုအပ်သည်ဟု ၎င်းက ပြောသည်။

ယခုနှစ် ဇန်န၀ါရီ ၈ ရက်ကလည်း အစိုးရက ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးစီးသည့် လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သေးသည်။

လာဘ်ပေးလာဘ်ယူမှုသည် ယခင်က အစိုးရ၀န်ကြီးဌာနများတွင်သာ သာမာန်အားဖြင့် တွေ့ရသော်လည်း ယခုအခါ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လက်နက်ကိုင် ပဋိပက္ခဖြစ်သော ဒေသနှင့် သဘာဝဘေး အန္တရာယ်ခံစားနေ ရသော ဒုက္ခသည်များကို နိုင်ငံတကာမှ လှူဒါန်းကူညီမှုများအား အလွဲသုံးစားလုပ်ခြင်း ကြုံတွေ့နေရသည်ဟု ဒု-သမ္မတ စိုင်းမောက်ခမ်းက လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ၏ ဇူလိုင်လတွင် ပြုလုပ်သော အစည်း အဝေးတွင် ပြောခဲ့ဖူးသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် မည်သည့်ပြည်သူကမဆို လုပ်ပိုင်ခွင့်ရှိသည့် အာဏာပိုင်ဖြစ်စေ၊ အာဏာပိုင် မဟုတ်သူဖြစ်စေ အဂတိလိုက်စားနေကြောင်း သက်သေ အထောက်အထား ခိုင်မာစွာ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေးကော်မရှင် (သို့) ယခုဥပဒေသစ်အရ ဖွဲ့ထားသည့် အဖွဲ့အစည်း တစ်ခုခု (သို့မဟုတ်) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့တို့သို့ တိုင်ကြားလျှင် ကော်မရှင်က အဆင့် ဆင့်စုံစမ်းပေးရမည်ဟု ဥပဒေတွင် ပါရှိသည်။ သို့သော် လိမ်လည်တိုင်တန်းလျှင်မူ ယခုဥပဒေအရထောင် ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ယခု ဥပဒေတွင် ပြဋ္ဌာန်းထားသေးသည်။

လာဘ်ပေးသူ (သို့) လာဘ်ယူသူသည် ထိုသို့ ပြုလုပ်သည်ကို ကော်မရှင်က စစ်ဆေး၍ ပေါ်ပေါက်လျှင် ထောင်ဒဏ် အပြစ်ပေးခံရမည့်အပြင် အဂတိလိုက်စား၍ ရထားသည့် ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းခံ ရမည်ဖြစ်သည်ဟု ဥပဒေသစ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ ယခင်က လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးနှင့် ပတ်သက်၍ လွတ်လပ်ရေးရသည့်နှစ်က ဥပဒေတစ်ခု ပြဋ္ဌာန်းထားခဲ့သည်။ ယခုအစိုးရသစ်လက်ထက်တွင် ထိုဥပဒေကို ဖျက်သိမ်း၍ ဥပဒေသစ် တစ်ခု ပြဋ္ဌာန်း လိုက်ခြင်းဖြစ်သည်။

အကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်သည့် ဂျာမနီအခြေစိုက် Transparency International အဖွဲ့၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေအနေသည် အဆင့် ၁၇၂ တွင် ရှိနေရာ အဆိုးရွားဆုံး ငါးနိုင်ငံစာရင်းတွင် ပါဝင်နေသည်။

No comments: