Monday, September 23, 2013

ဟုန်ရှင်း စက်ရုံမှ အလုပ်သမားများ ရန်ကုန်မြို့လယ်တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေ

ဖိုးစိုးသူ | တနင်္လာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဟုန်ရှင်း အအေးခန်းစက်ရုံ ပိတ်သိမ်းမှုကြောင့် အလုပ်သမား ၂၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေကြ၍ စက်ရုံတွင် အလုပ်ပြန်ဆင်းရန်အတွက် အလုပ်သမား ၁၀၀ခန့်က စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဆန်္ဒဖော်ထုတ်ခဲ့ပြီး သပိတ်စခန်းဖွင့်လှစ်လိုက်သည်။

စက်ရုံပိတ်သိမ်းရန်အတွက် စက်တင်ဘာ ၁၂ ရက်တွင် တရားဝင် စာထုတ်ခဲ့ပြီး ၁၆ ရက်တွင် စက်ရုံကို ပိတ်သိမ်းလိုက် သည်။ ယင်းကြောင့် အလုပ်သမားများ အနေဖြင့် အလုပ်လက်မဲ့ဖြစ်ပြီး နေထိုင်စရာ အခက်အခဲဖြစ်သောကြောင့် ယင်းသို့ ဆန္ဒပြခြင်းဖြစ်သည်။ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်မှုကို ကုမ္ပဏီမှ တစ်စုံတစ်ရာ လာရောက်ဖြေရှင်းပေးသည်အထိ ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်သည်ဟုလည်း အလုပ်သမားများက ဆိုသည်။ သပိတ်စခန်းတွင် အလုပ်သမား ဦးရေ ၇၀ ခန့် ရှိသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမား ကိုထွန်းနိုင်က “အလုပ်သမားတွေအားလုံးက အလုပ်လက်မဲ့ဘ၀ ရောက်သွားကြတယ်။ ဒီအတွက် အလုပ်သမားတွေက အလုပ်ပြန်ဆင်းနိုင်ဖို့ ဆန္ဒဖော်ထုတ်ကြ ရခြင်းဖြစ်တယ်” ဟုဆိုသည် ။

ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်သိမ်းမှုကြောင့် ၀န်ထမ်း ၂၀၀ ခန့်နှင့် မှီခိုနေရသော မိသားစုများ အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်နေရကာ စက်ရုံတွင်းနေထိုင်သော အလုပ်သမားများကိုလည်း စက်တင်ဘာ ၂၃ ရက်တွင် နောက်ဆုံးထား ဖယ်ရှားပေးရ မည်ဖြစ်ပြီး ဖယ်ရှားမပေးပါက ရဲလက်အပ်မည်ဟုပြောဆိုကြောင်းလည်း အလုပ်သမားများက ဆိုကြသည်။

အလုပ်သမားတစ်ဦးဖြစ်သူ မဇာနည်ဖြိုးဆွေက ““စက်ရုံအလုပ်သမားတွေက ကျေနပ်မှုမရှိရင် ဆန္ဒ္ဒဖော်ထုတ်ကြတယ်။ အဲဒါကို စက်ရုံပိုင်ရှင်က မကြိုက်ဘူး။ အဲဒါကြောင့် စက်ရုံကို အကြောင်းပြချက်မရှိဘဲ ပိတ်တယ်။ လျော်ကြေးပေးမယ် လို့တော့ ပြောတယ်။ ကျွန်မတို့ကတော့ လျော်ကြေးပေးလည်း မယူချင်ဘူး အလုပ်ပဲပြန်ပြီးဆင်းချင်တယ်။ အလုပ်ရှာ ရတာ မလွယ်ကူဘူး””ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဟုန်ရှင်းအအေးခန်းစက်ရုံ မန်နေဂျာ ဦးကောင်းကို မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ယခုကိစ္စအား ပြောပြခွင့်မရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည် ။

ယခုကိစ္စတွင် စက်ရုံပိုင်ရှင်မှ အလုပ်သမားများအပေါ်စက်ရုံပိတ်သိမ်းမည့်အပေါ် ကြိုတင်ပြောဆိုခြင်းမရှိခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများကြားတွင် ဖိနှိပ်ချုပ်ချယ်အနိုင်ကျင့်မှုများရှိနေသည်ဟုလည်း ဒဂုံဆိပ်ကမ်းအလုပ်သမား ကူညီရေးအဖွဲ့မှ ကိုမျိုးကြီးက ဆိုသည် ။

“ဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ် ။ စက်ရုံပိုင်ရှင်တွေက လာဘ်ထိုးပြီး ၀န်ထမ်းတွေကို အနိုင်ကျင့်သလို ဖြစ်နေတယ်။ စက်ရုံထဲမှာ အလုပ်ရှင်နဲ့ အလုပ်သမား မပြေလည်မှုဖြစ်တိုင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြားစာတွေ တင်ပြခဲ့ပါတယ်။ ဘာမှ ဖြေရှင်းပေးမှုတွေ မရှိခဲ့ကြတဲ့အတွက် အခုလို ဆန္ဒ္ဒဖော်ထုတ်ရခြင်းဖြစ်တယ်” ဟု ကိုမျိုးကြီးက ဆိုသည် ။

၎င်းင်းတို့ဆန်္ဒပြရာနေရာအနီးသို့ ရဲတပ်ဖွဲ့ဝင်များ နေ့လည်သုံးနာရီခန့်တွင် ရောက်ရှိခဲ့သော်လည်း မည်သို့မျှဆောင်ရွက်ခြင်း မရှိဘဲ ညနေ ငါးနာရီခန့်တွင် ပြန်သွားခဲ့သည်။ ဆန္ဒ္ဒပြရာတွင် ခွင့်ပြုချက်တင်ထားခြင်းလည်း မရှိခဲ့ပေ။

ဆန်္ဒပြရာတွင်ပါဝင်သူ ကိုလင်းလင်းက ““ကျွန်တော်တို့ ဆန္ဒ္ဒပြခွင့်ပြုချက် မတင်ခဲ့ပါဘူး။ တင်နေရင်လည်း ပယ်ချမှာကြောင့်ရယ်၊ ရက်တွေ ကြာကြာစောင့်ရမှာရယ်ဆိုတော့ ကျွန်တော်တို့ အလုပ်လက်မဲ့ ဖြစ်နေကြရတော့မှာကြောင့်ပြည်သူနဲ့ အစိုးရတာဝန်ရှိသူတွေ သိရှိအောင် ဆန္ဒပြရခြင်းဖြစ်တယ်”” ဟု ဆိုသည် ။

သြဂုတ်လအတွင်းက အလုပ်သမားကိုယ်စားလှယ်နှစ်ဦးကို အလုပ်မှ ထုတ်ပယ်ခြင်းကြောင့် ဟုန်ရှင်းစက်ရုံမှ အလုပ်သမားများ ဆန္ဒပြခဲ့ပြီး အလုပ်သမား အခွင့်အရေးများကိုလည်း တောင်းဆိုခဲ့သေးသည်။

No comments: