Monday, September 16, 2013

ဝါရင့် နိုင်ငံရေးသမားကြီး ဦးခိုင်ရဲလင်းအောင် ကွယ်လွန်

နိရဉ္စရာ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာ မြို့တွင် နေထိုင်သည့် ရခိုင် ၀ါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ဦးခိုင်ရဲလင်းအောင် (၇၃) နှစ်သည် စက်တင်္ဘာလ ၁၄ ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်သွားကြောင်း သတင်း ရရှိသည်။

၂၀၁၃ ခုနှစ် စက်တင်္ဘာ ၁၄ ရက်၊ နံနက် က် ၁၁ နာရီအချိန်တွင် ယူတီကာမြို့ဆေးရုံ၌ ဦးခိုင်ရဲလင်းအောင်သည် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်သွားခြင်း ဖြစ်ကြောင်း အမေရိကန်တွင် နေထိုင်သူ ဦးခိုင်ဘခင်က ပြောသည်။

ဦးခိုင်ရဲလင်းအောင်သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ အမြဲတမ်း ဗဟိုကော်မီတီဝင် တယောက်ဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် အမေရိကန်နိုင်ငံသို့ မိသားစုနှင့် အတူ ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် အခြေချရန် ရောက်ရှိသွားခဲ့သည်ဟု သိရသည်။

သူသည် ဗိုလ်ခိုင်မိုးလင်းတို့နှင့် အတူ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီအား တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ရခိုင်ပြည်တော်လှန်ရေးအား ဆယ်စုနှစ်နှင့် ချီပြီး တက်ကြွစွာ ပါဝင် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ကြောင်းသိရသည်။

ယင်းပြင် ရခိုင်အားမာန် ဂျာနယ်တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပြီး အဆိုပါ ဂျာနယ်အား ထိုင်း- မြန်မာနယ်စပ်မှ ထုတ်ဝေခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ဦးခိုင်ရဲလင်းအောင်ကို ၁၉၄၀ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည် ပုဏ္ဍားကျွန်းမြို့နယ် ပလီမော်ကျေးရွာ တွင် မွေးဖွားခဲ့သည်ဟု သိရသည်။

သူကွယ်လွန်သွားသည့် အချိန်တွင် ဇနီးသည်နှင့်အတူ သား ဦးဟန်သိန်း၊ သမီး စန်ဒါခိုင်၊ သား အောင်သိန်း၊ မြေး သိန်းလင်းအောင်၊ စန်းဒြား စသူတို့ ကျန်ရစ်ခဲ့သည်ဟု သိရှိရပါသည်။

No comments: