Wednesday, September 18, 2013

ရင်းနှီးမြှုပ်နှံမှုတွင် မြန်မာ- တရုတ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် စင်မ်စန်စင်တာ အစီရင်ခံစာအကြံပြု

အောင်မင်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃

မြန်မာ - တရုတ် နှစ်နိုင်ငံစလုံး၏ အကျိုးအမြတ်အတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာအစိုးရတို့ အနေဖြင့် မယုံကြည်မှုများနှင့် ရန်လိုမှုများကို လျှော့ချပြီး မြန်မာနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတာဝန်ခံမှု အပိုင်းတွင် မြှင့်တင်ရန်ဆောင်ရွက်သင့်သည်ဟု စင်မ်စန်စင်တာမှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် အကြံပေး ထားသည်။

“မြန်မာနိုင်ငံတွင်းရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု “ အနာဂတ်မှာ ဘာတွေဖြစ်နိုင်မလဲ” ဟူသော အစီရင်ခံ စာတွင်မြန်မာနိုင်ငံတွင် စက်မှုလက်မှုလုပ်ငန်းများနှင့် ခေတ်မီဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ရန် အတွက်ပို၍ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသေးသည်ဟု ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ ကျဆင်းသွားသည်ဟုဖော်ပြထားသည်။ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်အကြား လေးနှစ်တာ ကာလအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၃ ဘီလီယံရှိခဲ့သော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၇ သန်းသာ ရှိတော့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှာ ခင်မင်ဖွယ်မကောင်းသော နိုင်ငံတစ်နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အန္တရာယ် များသောနေရာတစ်နေရာအဖြစ် ရှုမြင်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။ ထို့အပြင် မြန်မာအစိုးရအနေဖြင့်နိုင်ငံအတွင်းရှိ တရုတ်တို့၏ အကျိုးစီးပွားအား အကာကွယ်ပေးရန် တိုးမြှင့်ဆောင်ရွက်မှုများလည်းမရှိဟု ရှုမြင်ထားသည်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်းရှိ အကြီးဆုံးရင်းနှီးမြှုပ်နှံမှု သုံးခုဖြစ်သော မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင် စီမံကိန်း နှင့် တရုတ်-မြန်မာဓာတ်ငွေ့ပိုက်းလိုင်းစီမံကိန်းများအား ဒေသခံများမှ ဆန့်ကျင် ဝေဖန်နေလျက်ရှိရာ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံသူများအတွက် ပြဿနာများနှင့် မသေချာမှုများဖြစ်ပွား စေခဲ့သည်။

တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းသွားခြင်းကြောင့် မြန်မာ့စီးပွားရေးမှာ မျှော်လင့်မထားသော အကျပ် အတည်းများ နှင့် ရင်ဆိုင်ရနိုင်သည်ဟုလည်း စင်မ်စန်အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် တိုးတက်မှုများလည်းရှိသည်ဟု ဖော်ပြထားသည်။“မြန်မာနိုင်ငံအတွင်းရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများအား လိုလားလက်ခံလာစေရန်အတွက် တရုတ်နိုင်ငံမှ အမြတ်ခွဲဝေမှုတွင် တိုးမြှင့်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစုများဆိုင်ရာ လူမှုရေးအရတာဝန်ခံမှု အစီအစဉ်များ လည်း တိုးမြှင့်လုပ်ဆောင်နေသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် “တရုတ်အနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် ပြဿနာများကြောင့် အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အရေးကြီးသင်ခန်းစာအား ရရှိသွားပြီ” ဟုလည်း အစီရင်ခံစာက ဆိုသည်။

ယင်းအစီရင်ခံစာအား စင်မ်စန်မှ Yun Sun က ရေးသားခဲ့ခြင်းဖြစ်ပြီး သူမမှာအမေရိကန်-တရုတ် ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၊ အခြားအာဏာရှင်နိုင်ငံများအကြား ဆက်ဆံရေးအားရေး သားလေ့ရှိသူ တစ်ဦး ဖြစ်သည်။

No comments: