Wednesday, September 18, 2013

မွန်အမျိုးသားကျောင်း ဆရာ/ဆရာမ များ “ပုဂံ” ၌ မွန်ပညာရေး နှီးနှော ဖလှယ်ကြမည်

ရွှေဟင်္သာ

ငိမ်းဖောင်ဒေးရှင်း၏ စီစဉ် ပေးမှုဖြင့် မွန်ပညာရေး သင်ကြားမှုပိုင်း ဆိုင်ရာ အတွေ့ အကြုံများ နှီးနှော ဖလှယ်ပွဲ တစ်ရပ်ကို မန္တလေးတိုင်း ညောင်ဦး မြို့နယ် ပုဂံမြို့၌ လာမည့် စက်တင်ဘာ ၂၃ ရက်နေ့တွင် စတင်ကာ နှစ်ရက်တာ ကျင်းပ ပြုလုပ် သွားရန် ရှိကြောင်း “ငြိမ်း” ဖောင်ဒေးရှင်းနှင့် ဆက်သွယ် ဆောင်ရွက် ပေးနေသည့် မွန်ပြည်သစ် ပါတီ ပညာရေး ဌာနမှ လုပ်ငန်း စီမံကွပ်ကဲရေးမှူး မိလှိုင်းနွန် က ပြောသည်။

၎င်း Outside Forum ( မိမိတို့ ပြည်နယ် ပြင်ပ) နှီးနှော ဖလှယ်ပွဲသည် အစောပိုင်း၌ ငြိမ်းဖောင်ဒေးရှင်းမှ အထောက် အပံ့ ပေးနေသည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ လက်အောက်ခံ ပညာရေး ဌာနနှင့် မွန်ပြည်သစ် ပါတီ လက်အောက်ခံ ပညာရေး ဌာနမှ ဆရာ/ဆရာမ များအကြား သင်ကြား မှုပိုင်း ဆိုင်ရာ အတွေ့ အကြုံများ နှီးနှော ဖလှယ် နိုင်ရန် စီစဉ် ထားခဲ့သည်။

သို့သော်လည်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့မှ အစိုးရ တပ်များနှင့် ပစ်ခတ်မှု ရှိနေသည့် အနေအထား များကြောင့် KIO လက်အောက်ခံ ကချင် ပညာရေး အဖွဲ့များမှ ဆရာ/ဆရာမများ တက်ရောက် လာနိုင်ခြင်း မရှိကာ မွန်ကျောင်း ဆရာ/ဆရာမ များ သက်သက်သာ တက်ရောက် ဆွေးနွေးရန် ဖြစ်လာ ခဲ့သည်။

“စီစဉ် ထားသလို ဖြစ်မလာတော့ ကျွှန်မတို့ မွန်ကျောင်း ဆရာ/ဆရာမ သက်သက် ဆွေးနွေးတဲ့ ပုံစံမျိုး ဖြစ်သွားတယ်၊ ပညာရေး ကဏ္ဍ၊ ပညာရေး စနစ်၊ သင်ကြားရေး နည်းစနစ်ပိုင်း ဆိုင်ရာ၊ အရည်အချင်း လိုအပ်ချက်တွေ၊ အားနည်းချက်၊ အားသာ ချက်တွေ အဲဒါ တွေကို အဓိကထား ဆွေးနွေး ကြမယ်” ဟု မိလှိုင်းနွန်က ပြောသည်။

ဤ အစီအစဉ်အား ယမာန်နှစ် ကတည်းက စီစဉ် ထားသော်လည်း ကချင်ပြည်နယ်၌ ပတ်ခတ် နေသည့် အနေအထား များကြောင့် အကောင်အထည် မဖော်နိုင် ခဲ့ပဲ ယခုနှစ် ၌လည်း ကချင်အဖွဲ့ ပါဝင် တက်ရောက် နိုင်မှု မရှိပဲ ကျင်းပ ခဲ့ရခြင်း ဖြစ်သည်။

ထို Outside Forum နှီးနှော ဖလှယ်ပွဲအား တက်ရောက်ရန် မွန်ပြည်သစ် ပါထီ ထိန်းချုပ် နယ်မြေ ခရိုင် များမှ ခရိုင် တစ်ခု စီလျှင် ကျောင်းဆရာ/ ဆရာမ ပေါင်း ၁၀ ဦး ကျနှင့် မြို့နယ် အဆင့် (၃) ဦး ကျစီ တက်ရောက် ဆွေးနွေး ကြရန် ရှိနေပြီး မွန်ကျောင်း များမှ ဆရာ/ ဆရာမပေါင်း (၆၀) ဦးခန့် တက်ရောက် ဆွေးနွေး ကြရန် ရှိနေ ပါသည်။

မွန်ပညာရေး ဌာနနှင့် ငြိမ်းဖောင်ဒေးရှင်း တို့သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ စတင်၍ မွန်အမျိုးသား ကျောင်းနှင့် တွဲဖက် အမျိုးသားကျောင်း ၁၄၇ ကျောင်းရှိ ဆရာ/ဆရာမ ပေါင်း ၈၀၀ ကျော် တို့အား ကျောင်းသား ဗဟိုပြု သင်ကြားရေး စနစ် အပါအဝင် အခြား သင်ကြားရေး စွမ်းရည် မြှင့်တင်ရေး ဆိုင်ရာ သင်တန်း များကို တစ်နှစ်လျှင် (၄) ကြိမ် လက်တွဲကာ လုပ်ဆောင် ခဲ့ကြသည်။

ထို့နောက်တွင် ၄င်း မွန်အမျိုးသား ကျောင်းမှ ကျောင်းသား ဗဟိုပြု သင်ကြားရေး စနစ် တတ်မြောက်ပြီး ဆရာ/ဆရာမ များကို နှစ်စဉ် မေလ၌ ထိုသင်ကြားရေး စနစ် မွမ်းမံ သင်တန်း များအား ဆက်လက် ပေးပို့ ခဲ့ပါသည်။

ငိမ်းဖောင်ဒေး ရှင်းသည် သင်ကြားရေး စွမ်းရည်မြှင့် သင်တန်းများ အပြင် ဆရာ/ဆရာမ၊ ကျောင်းသား များအတွက် လိုအပ်သည့် သင်ထောက် ကူပြု ပစ္စည်းများ၊ နိုင်ငံတကာ ပညာရေး မူဝါဒ ကျွှမ်းကျင် သူများ ငှားရမ်း၍ ပညာရေး မူဝါဒ မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၊ ပညာရေး ရန်ပုံငွေ အတွက် ရင်းနှီး မတည်မှု တို့ကိုလည်း ထောက်ပံ့ ပေးလျက် ရှိနေပါသည်။

ထိုလိုအပ်ချက် များအတွက် ငြိမ်းဖောင်ဒေးရှင်းမှ တစ်နှစ်လျှင် မြန်မာ ကျပ်ငွေ သိန်းရာချီ ထောက်ပံ ပေးလျက် ရှိနေကြောင်း သိရှိရသည်။

No comments: