Wednesday, September 18, 2013

လူသတ်မှုကျူးလွန်ခဲ့သူဟု စွပ်စွဲခံရသူ စစ်သားသုံးဦးအား ငါးလကြာသည်အထိ အရေးမယူသေးဟု အာရှလူ့အခွင့်ရေးကော်မရှင် သတင်းထုတ်ပြန်

အောင်မင်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃

ပြည်မြို့တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် လူသတ်မှုနှင့် လုယက်မှုအား ကျူးလွန်ခဲ့သည့် တပ်မတော်သား သုံးဦးအား ဌာနဆိုင်ရာတွင် စစ်ဆေးမေးမြန်းပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရသော်လည်း ငါးလကြာသည်အထိ အရပ်ဘက်တရားရုံးတွင် တရားစွဲဆို အပြစ်ပေးမှု မရှိသေးကြောင်း အာရှလူ့အခွင့် အရေးကော်မရှင်၏ သတင်း ၀က်ဘ်ဆိုဒ်တွင် ယခုလ ၁၇ ရက်က ဖော်ပြခဲ့သည်။

“ပြစ်မှုကျူးလွန်သူ တပ်မတော်သားသုံးဦးအား အလျင်အမြန် ဖမ်းဆီးခဲ့သော်လည်း ၎င်းတို့၏ တပ်ရင်းမှူးမှ ၎င်းတို့ အား စစ်တပ်အချုပ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး” ငါးလကြာသည့် အချိန်အထိ ဒေသခံများမှ တောင်းဆို ထားသည့် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုခြင်းမျိုး မပြုလုပ်သေးဟု ဖော်ပြထားသည်။

ယခုနှစ် ဧပြီလ ၂၃ ရက်တွင် န၀ဒေးတံတားအနီးတွင် ထိုင်နေသည့် မောင်ဇင်မင်းဦးနှင့် မအိဇင်မိုးကိုတို့ နှစ်ဦးအား တပ်မတော်သားသုံးဦးမှ လုယက်တိုက်ခိုက်ခဲ့ရာ မောင်ဇင်မင်းဦးမှာ သေဆုံးသွားခဲ့ရသည်။ ထို့ အပြင် မအိဇင်မိုးကို ၏ လက်ကောက်ကိုလည်း ယူဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မတော်သားသုံးဦးအား နာရီအနည်းငယ်အတွင်း ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အား အပြစ်ပေး အရေးယူရန်နှင့် ပြစ်မှုကျူးလွန်ခြင်း ခံရသူများအတွက် နစ်နာကြေးပေးရန် မြို့ခံများမှ ရဲစခန်းအားတောင်းဆိုခဲ့ရာ စစ်တပ်အချုပ်ခန်းတွင် ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း မကြာမီ အရေးယူတော့မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ဖော်ပြထားသည်။

၎င်းတို့သုံးဦးအား ဧပြီလ ၂၅ ရက်တွင် ပြစ်မှုကျူးလွန်ခြင်းခံရသူများ၊ မြို့မိမြို့ဖများနှင့် ရဲများအား စစ်တရားရုံး မာရှယ်မှ ခေါ်ယူကာ ၎င်းတို့ရှေ့မှောက်တွင် စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိခဲ့ရသည်။

သို့သော် ငါးလကြာမြင့်သည်အထိ အရပ်ဘက် တရားရုံးတွင် တရားစွဲဆို စစ်ဆေးခြင်း မရှိသေးပေ။

No comments: