Saturday, September 21, 2013

မချမ်းဘော့မြို့နယ် အင်ခါးဂါးကျေးရွာသား ၂ ဦး သတ်ခံရပြီး သိက္ခာတော်ရဆရာ ညှင်းပန်းနှိပ်စက်ခံရ ဟုဆို

KNG

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့ နယ် အင်ခါးဂါးကျေးရွာအနီး အစိုးရတပ်နှင့် ကချင်လွတ်မြောက် ရေးတပ် (KIA) ကြား တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင်း ရွာသားများကို အစိုးရတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ခဲ့ရာ ရွာသား ၂ ဦး သတ်ခံရပြီး ဓမ္မဆရာနှင့် အချို့ရွာသားများ ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ပူတာအိုဒေသခံများမှ သိရသည်။

အစိုးရတပ်၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသူ ၂ ဦးသည် ကလေးသုံးဦးဖခင် သင်းထောက်ဆရာ ဦးခေါ်ဒွတ် ဆိုသူနှင့် ကို ရုန်ခခဲန် အသက် (၂၀) ဖြစ်ပြီး ကျေးရွာအနီး လမ်းဘေးတွင် မြုပ်ထားသည်ကို တွေ့ရှိခဲ့ရပြီး ထိုအထဲမှ တဦးဖြစ်သော တရားဟောဆရာ ဒိန်ရမင်ဆိုင်းမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အခြေအနေစုံစမ်း သိရှိထားသော အမည်မဖော်လိုသူ ပူတာအိုဒေသခံမှသိရသည်။

အင်ခါဂါးရွာသားများသည် သြဂုတ်လ ၂၇-၂၈ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း လမ်းမလျှောက် နိုင်သော သက်ကြီးများသာ ရပ်ရွာထဲတွင်ကျန်နေရစ်ခဲ့ကြပြီး ရွာသား ၁၀၀ ကျော်သည် တောထဲသို့ ပုန်းရှောင် ခဲ့ရချိန် စစ်တပ်မှ အဆိုပါ ရွာသားများနှင့် သိက္ခာတော်ရဆရာ ရမ်မိုင် တို့အား အသီးသီး ဖမ်းဆီးနှိပ်စက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ယချိန် ပြန်လွှတ်လာသော သိက္ခာရဆရာတော် ဦးရမ်မိုင်သည် နှိပ်စက်ထားသောဒဏ်ပြင်းစွာ ခံစားနေရ ကြောင်းသိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ လက်တွေ့မမြင်ရသေးသော်လည်း အခြေနေကိုသိရှိထားပြီးဖြစ်ကြောင်း အင်ခါဂါး ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍ ရွာသားများကို ကူညီမှုပေးရန် ယခုချိန်ထိ အစိုးရနှင့်ညှိနှိုင်းနေသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွမ် ကပြောသည်။

“ဒီကိစ္စကို ကျွန်တော်တို့ကြားတယ် ပူတာအိုက ဆရာတွေပြောတယ်။ သူတို့ကနေတဆင့်ကြားရပါတယ်။”

အဆိုပါ ကျေးရွာသား ၂ ဦး သတ်ခံရပြီး အချို့ ညှင်းပန်းနှိပ်စက်ခံခဲ့ရကိစ္စနှင့်ပတ်သက်၍ အစိုးရ မြန်မာငြိမ်ချမ်းရေးစင်တာ Myanmar Peace Center မှ ဦးလှမောင်ရွှေကို မေးမြန်းခဲ့ရာ ၄င်းက စစ်ရေးတာဝန်ရှိသူတဦးမဟုတ်သောကြောင့် မပြောနိုင်သော်လည်း ဆွေးနွေးပွဲတွင် အရာရှိတဦးက ကျေးရွာသားများကို အတတ်နိုင်ဆုံး ကူညီပေးသည်ဟု ကြားခဲ့ရကြောင်း KNG ကချင်သတင်းဌာ သို့ ပြောဆိုသည်။

“ဆွေးနွေးပွဲမှာ ကျွန်တော်တို့ တပ်မတော်အရာရှိတွေပြောတာ ကြားတာတော့ အဲဒီမှာ ရွာသားအားလုံး ပြန်ရောက်နေပြီ။ သူတို့လည်းအတတ်နိုင်ဆုံးကူညီပြီးတော့ ဆေးဝါးကုသမှုတွေလည်းလုပ်ပေးတယ်။ KIO ဖက်က ပြည်သူ့စစ် ၂ ယောက်ကလွှဲရင် အားလုံးပြန်ရောက်ပြီလို့ အဲလိုရှင်းပြနေတာပဲကြားခဲ့ရတယ်ဗျ။”

လတ်လောနှစ်ဖက်စစ်ရေးအရှိန်များသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက် နည်းပညာအဖွဲ့ Technical Team များ မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၁၆-၁၇ ရက်အတွင်း တွေ့ဆုံခဲ့ချိန် အစိုးရ စစ်ရေးအရာရှိများပါဝင်၍ KIO နှင့်အပြန်အလှန်ဆွေးနွေးမှုများရှိသောကြောင့် အခြေအနေတိုးတက် ကောင်းမွန်သည်ဟု သုံးသပ်ပြောဆိုသည်။

နှစ်ဖက် စစ်ရှိန်လျှော့ကာ ငြိမ်းချမ်းရေးဖော်ဆောင်သွားရန် ကြိုးပမ်းနေသော်လည်း အခြေအနေသည် လွယ်ကူစွာ ဖန်တီးနိုင်သည့်ကိစ္စရပ်မဟုတ်သောကြောင့် ကြံ့ကြာနေခြင်းလည်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

သို့သော် လက်ရှိ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေချိန် သဘောတူညီချက်များအား လိုက်နာမှုမရှိပဲ ဆက်လက်တင်းမာမှုများသည် နှစ်ဖက် ယုံကြည်မှုကို သာ၍နှောင့်နှေးစေသောကြောင့် ထိခိုက်နိုင်သည်ဟု ပြောသည်။

No comments: