Tuesday, September 3, 2013

မြေမြှုပ်မိုင်းရှင်းလင်းရေးအပါအ၀င် အခြားပြည်နယ်တွင်းကိစ္စများ ဆွေးနွေးရန် ကရင်လက်နက်ကိုင်အဖွဲ့များတွေ့မည်

နန်းလွင်နှင်းပွင့် | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၃ ရက် ၂၀၁၃

မြေမြှုပ်မိုင်းရှင်းလင်းရေးအပါအ၀င် မူးယစ်ဆေးဝါးကိစ္စများ၊ အခြားပြည်နယ်တွင်း ကိစ္စများဆွေးနွေးနိုင်ရန်အတွက် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ တတိယအကြိမ်အဖြစ် စက်တင်ဘာ ၃ ရက်တွင်တွေ့ဆုံမည်ဖြစ်သည်ဟု DKBA ကလိုထူးဘောစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်ကပြောသည်။

ဆွေးနွေးပွဲတွင် လတ်တလော ကရင်ပြည်နယ်တွင်း ဖြစ်ပျက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များအကြား မပြေလည်မှုများ၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီ ကြုံတွေ့နေရသည့် အခက်အခဲများအပြင် ပုံမှန်ဆွေးနွေးနေသည့် အခြား အချက်အလက်များလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟုသိရသည်။

ဆွေးနွေးပွဲကို ကရင်ပြည်နယ် မြ၀တီခရိုင် ရွှေကုက္ကိုမြိုင်ကျေးရွာတွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်မှူးကြီးစောဆန်းအောင် က “ဆွေးနွေးပွဲမှာတော့ အကုန်လုံးကိုထည့်သွင်းပြီး ပြောသွားမှာပါ။ တပ်ဖွဲ့တွေအကုန် နိုင်ငံရေးနဲ့ ပတ်သက်တာတွေမှာရော၊ အခြားကရင်ပြည်နယ်တွင်း ဒေသအကျိုးပြုတွေရော၊ ပူးပေါင်း လုပ်နိုင် အောင်ဆွေးနွေးသွားမယ်” ဟု ပြောကြားခဲ့သည်။

ကရင်ပြည်နယ်တွင်း လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဒေသတွင်းကိစ္စများဖြေရှင်းရန် ညီညွှတ်ရေးကော်မတီများ၊ လုပ်ငန်းကော်မတီများဖြင့် ဆောင်ရွက်ခြင်း၊ မြေမြှုပ်မိုင်းရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါးကင်းစင်စေရန် လုပ်ဆောင်ခြင်း၊နိုင်ငံရေးအရ ပြေလည်မှုများရှိစေရန် တပ်ဖွဲ့ဝင်အသီးအသီးကြား စည်းမျဉ်းစည်း ကမ်းချမှတ်ထားခြင်းတို့နှင့် ပတ်သက်ပြီး ဇွန်လကပင် စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းသို့ ဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးစောဆန်းအောင်၏ ကိုယ်ရေးအရာရှိတစ်ဦးက “ပြည်နယ် တွင်း ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတဲ့ မိုင်းကိစ္စတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေကတော့ ဖွဲ့ထားတဲ့ အဖွဲ့တွေအတိုင်း လုပ်ငန်းကော်မတီအလိုက် လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို သုံးလတစ်ကြိမ် သက်ဆိုင်ရာအဖွဲ့အသီးသီး၏ နယ်မြေဒေသများတွင် ကျင်းပသွားရန် သဘောတူညီထားပြီး ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော် (DKBA)၊ KNU၊ နယ်ခြားစောင့််တပ် (BGF)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့နှင့် ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေးမည်ဖြစ်သည်။

ယင်းအပြင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းပစ်ခတ်မှုနှင့် ပတ်သက်သည့် ကိစ္စများကိုလည်း ဆွေးနွေး သွားဖွယ်ရှိကြောင်း BGF မှ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးခြင်း ပထမအကြိမ်ကို ကရင်ပြည်နယ်၊နော်တရာမြို့၊ ဒုတိယအကြိမ်ကို ကော့ကရိတ်ခရိုင်မြိုင်ကြီး ငူဒေသတို့တွင် ကျင်းပခဲ့ပြီး စက်တင်ဘာ ၃ ရက်တွင် တတိယအကြိမ် ကျင်းပမည်ဖြစ်သည်။

No comments: