Monday, September 9, 2013

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ စစ်တပ်ချထားခြင်းကို မဏိပူရအာဏာပိုင်များကန့်ကွက်

နေမျိုး | တနင်္လာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၃

မြန်မာ-အိန်္ဒိယနယ်စပ်၊ အိနိ္ဒယနိုင်ငံပိုင် ဟောင်လင်ဖိုင်ကျေးရွာတွင် မြန်မာဘက်မှ စစ်တပ်ချထားပြီး စခန်းဆောက် လုပ်ခြင်း ကိုမိုးရေးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ခရိုင်အာဏာပိုင်တို့က တမူးမြို့ အာဏာပိုင်များထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း အိန်္ဒိယနိုင်ငံအခြေစိုက် Sangai Express သတင်းစာတွင် စက်တင်ဘာ ၈ ရက်က ဖော်ပြထားသည်။

ထိုကန့်ကွက်စာတွင် နှစ်နိုင်ငံ နယ်စပ်အစည်းအဝေးကို မြန်နိုင်သမျှ မြန်မြန်ကျင်းပရန်ကိုလည်း တိုက်တွန်းထားသည်။

မဏိပူရပြည်နယ်အတွင်းဝန် ဦးဆောင်သည့် နယ်စပ်နယ်မြေ ကွင်းဆင်းလေ့လာရေးကော်မတီက မဏိပူရပြည်နယ် အစိုးရထံသို့ ဟောင်လင်ဖိုင်ကျေးရွာ နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့် မြန်မာတပ်စခန်းဆောက်လုပ်နေခြင်း ကိစ္စရပ် တို့ကို စက်တင်ဘာလဆန်းက အကဲဖြတ်တင်ပြထားသည်ဟုလည်း သတင်း၏ ဖော်ပြ ပါရှိချက်အရ သိရသည်။

နယ်စပ်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စက်တင်ဘာ ၃၀ ရက်တွင် အိန်္ဒိယ-မြန်မာနှစ်နိုင်ငံ ဆွေးနွေးရန် အိန္ဒိယ အာဏာပိုင်များက စီစဉ်ထားရှိသည်ဟုလည်း သတင်းစာတွင် ဖော်ပြပါရှိသည်။

မဏိပူရပြည်နယ် အစိုးရအနေဖြင့် ဟောင်လင်ဖိုင်ကျေးရွာကို မြို့နယ်သစ်တစ်ခုအဖြစ် အဆင့်တိုးမြှင့် နေစဉ် မြန်မာ တပ်မှ နယ်စပ်မျဉ်းကျော်ဝင်ရာ တပ်စခန်းဆောက်လုပ်နေသည်ဟုလည်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။

ထိုနေရာသည် နှစ်နိုင်ငံနယ်စပ်ပိုင်းခြား သတ်မှတ်မှု မပြီးပြတ်သေးသည့်နေရာဖြစ်ကြောင်း တမူးလွှတ် တော်အမတ် ဦးမြင့်အောင်ကပြောဆိုသည်။

၎င်းက “ကျွန်တော်တို့ အရပ်မျက်စိနဲ့ဆိုရင် ဟိုဘက်အိန္ဒိယဘက်ကဆောက်တဲ့ အိမ်သုံးလုံးလောက်ကျော် လာတယ်။ အရင်ကလည်း ဖြစ်ခဲ့ဖူးတာပဲ။ နန်းဖာလုံဈေး ဂိတ် ၁ နဲ့ ဂိတ် ၂ ကြား ခြံစည်းရိုးခတ်တုန်းက လည်းဖြစ်ခဲ့တာပဲ။ရေရှည်အတွက် ကိုယ့်ဘက်က လည်းပါမသွားအောင်၊ တစ်ဘက်မှာရှိတဲ့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဖြေရှင်းရမယ့် ကိစ္စပါ” ဟု မဇ္စျိမကို စက်တင်ဘာ ၈ ရက်က မှတ်ချက်ပေးပြောဆိုသည်။

ယခု ထိုနေရာ မြန်မာဘက်အခြမ်းတွင် မြန်မာဘက်မှစခန်းချထားကာ စောင့်ကြည့်လျက်ရှိကြောင်း ဒေသခံ အမျိုးသား တစ်ဦးကလည်း ပြောဆိုသည်။

ဒေသခံတစ်ဦးဖြစ်သူ ကိုရန်ကိုစီးက “အခုဟောင်လင် ဖိုင်ရွာသားတွေက ကားလမ်းတစ်ဖက်ခြမ်း သူတို့ ဖက်မှာ အိမ်တွေဆောက်တာ၊ လေး၊ ငါးလုံးဆောက်တယ်။ အိန်္ဒိယဘက်အခြမ်း ဟောင်လင်ဖိုင်ရွာနဲ့ တစ် ဖာလုံလောက်မှာတော့ အိန်္ဒိယတပ်တွေရှိတယ်” ဟုရှင်းပြသည်။

တပ်စခန်းကို ဆက်လက်ဆောက်လုပ်နေဆဲဖြစ်ပြီး အိန်္ဒိယဘက်မှလည်း အဆိုပါနေရာကို မကြာမကြာလာရောက်ကြည့်ရှုကြောင်း ဒေသခံများကဆိုသည်။

ထိုနေရာသည် ပထ၀ီအနေအထားအရ ချောင်း၊ မြောင်းမရှိသည့် နယ်ခြားဖြစ်သည့်အတွက် နှစ်နိုင်ငံ ချောင်းဖြင့် နယ်ခြားနိုင်သည့် အနေအထားမရှိသလို ကားလမ်းကြမ်းဖြင့်သာ ပိုင်းခြားနေရ၍ နှစ်နိုင်ငံစလုံးအတွက် သိသိသာသာ ထင်ထင်ရှားရှား သတ်မှတ်ပိုင်း ခြားနိုင်ခြင်းမရှိသေးကြောင်း အစိုးရစစ်တပ်အရာရှိ တစ်ဦးထံမှသိရသည်။

ထိုနေရာ အိန်္ဒိယဘက်ခြမ်းတွင် လူနေအိမ်များရှိသော်လည်း မြန်မာဘက်ခြမ်းတွင် လူနေအိမ်များ မရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းက တမူးခရိုင်၊ ချောင်းနက်ကြီးကျေးရွာအနီး အိန်္ဒိယ-မြန်မာနယ်စပ် မျဉ်းပေါ်ရှိကျေးရွာတစ်ရွာအား နယ်ခြားခြံစည်းရိုးခတ်ကာရံရာတွင် မြန်မာဘက်က မြေပိုများ၍ ရရှိနေကြောင်း မဏိပူရ အရပ်ဖက်လူ့အဖွဲ့အစည်းများက သုံးသပ်ကာ စည်းရိုးခတ်ခြင်း ရပ်တန့်ပေးရန်တောင်းဆိုခဲ့ ဖူးသည်။

No comments: