Thursday, September 12, 2013

န.စ.က ဖျက်သိမ်းပြီး နှစ်လအတွင်း ရခိုင်နယ်စပ်တွင် ဓားပြမှု လေးခုဖြစ်

ကေဇင်ဦး

နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်ကို ဖျက်သိမ်းပြီး နှစ်လခန့်အတွင်း ရခိုင်ပြည်နယ်မှ နယ်စပ်မြို့ နယ်များဖြစ်သည့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ ကျေးရွာများတွင် ဓားပြမှုလေးမှုဖြစ်ပွားခဲ့ကြောင်းမောင်တောမြို့မှ အထက်တန်းရှေ့ နေ ဦးအောင်ကျော်ညွန့်က မဇ္ဈိမကို ပြောသည်။

“ဒီဘက်မှာ နစကဂိတ်ဖျက်သိမ်းပြီး လုံခြုံရေးအားနည်းနေတယ်” ဟု ဦးအောင်ကျော်ညွန့်က ဆိုသည်။

ယင်းဓားပြမှုများအနက်သုံးမှုမှာ မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကျန်တစ်မှုမှာ ဘူးသီးတောင်မြို့နယ် အတွင်းမှ ကျေးရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါအမှုများ၏ တရားခံများကိုလည်း ယနေ့ အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ဦးအောင်ကျော်ညွန့်က ဆက်ပြောသည်။

နစကဌာနကို ဇူလိုင် ၁၂ ရက်က အစိုးရက ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏နေရာတွင် ရဲများကို အစားထိုး လုံခြုံရေး ချထားခဲ့သည်။

အဆိုပါဌာနကိုဖျက်သိမ်းကြောင်း သမ္မတရုံးကြေညာစဉ်က ဖျက်သိမ်းရသည့်အကြောင်းအရင်းကို ထည့်သွင်း ထုတ်ပြန်ခြင်း မရှိပေ။

“နစကတပ်ဖွဲ့ဝင် ၂၀၀၀ ကျော် လုံခြုံရေးချတဲ့နေရာမှာ အခု ၇၀၀ ကျော်ပဲထားတယ်။ ဒါကြောင့်ဒီဘက်တွေမှာ လုံခြုံရေးကအားနည်းတယ်။ ဒေသတွင်းမှာ လုံခြုံမှုမရှိဘူး။ နယ်စပ်ဂိတ်ကလည်း အ၀င်အထွက် နည်းသွားတယ်” ဟုမောင်တောနယ်စပ်ကုန်စည်ဒိုင် ဥက္ကဋ္ဌဦးအောင်မြင့်သိမ်းက မဇ္ဈိမကိုပြောကြားသည်။

လက်ရှိတွင် နယ်စပ်ဒေသလုံခြုံရေးအတွက် ပြည်နယ်ရဲမှူး ဗိုလ်ဗိုလ်ဦးက တာဝန်ယူထားသည်။

နစကကို စစ်အစိုးရ လက်ထက် ၁၉၉၁ ခုနှစ်တွင် စစ်တပ်၊ ရဲ၊ အကောက်အခွန်နှင့် လ၀ကတို့ ပေါင်းစပ်လျက် ရခိုင်ပြည်နယ်၌ ဖွဲ့စည်းခဲ့ပြီး ပြည်နယ်တွင်း၌ နစကနယ်မြေ ၁၁ ခုနှင့် စခန်း ၃၂ ခုတို့ဖြင့် စီမံကွပ်ကဲခဲ့ပြီး နယ်စပ် လုံခြုံရေးအတွက် ဖွဲ့စည်းခဲ့ခြင်ဖြစ်သည်။

အဆိုပါဌာနကို ဖျက်သိမ်းလိုက်စဉ်က ယင်းဌာနသည် လာဘ်စားမှုများကြောင့် ဖျက်သိမ်းခံရခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က သတင်းဌာနများသို့ သဘောထား မှတ်ချက်ပေးခဲ့သည်။

နစကတာဝန်ယူစဉ်အတွင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားသားများ တရားမ၀င်ခိုးဝင်မှုများ ရှိခဲ့သည်ဟုဝေဖန်မှုများလည်း ဒေသခံပြည်သူများ အကြား၌ ရှိခဲ့သည်။

No comments: