Wednesday, September 18, 2013

တောင်သူလယ်သမား အများပိုင်ကုမ္ပဏီ အစုရှယ်ယာပေါင်း နှစ်သန်းကို လာမည့်နှစ်ဝက်ကျော်မှ ရောင်းချနိုင်မည်

သီဟကိုကို | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာ တစ်စောင်လျှင် ကျပ်တစ်ထောင်ဖြင့် အစုရှယ်ယာပေါင်းနှစ်သန်း ရောင်းချရန်လျာထားကြောင်း အဆိုပါကုမ္ပဏီ၏ အတွင်းရေးမှူး ဦးသက်ဇော်က မဇိ္ဈမသို့ ပြောသည်။

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီကို ဖွဲ့စည်းထားပြီး လုပ်ထုံးလုပ်နည်းများအရ လုပ်ကိုင်ခွင့် ရရှိသည်နှင့် အစုရှယ်ယာများကို စတင်ရောင်းချပေးသွားမည်ဟု ကုမ္ပဏီ၏ တာဝန်ရှိသူများက ဆိုသည်။

လုပ်ထုံးလုပ်နည်းများအရ အနည်းဆုံးခြောက်လကြာဦးမည်ဖြစ်ရာ လာမည့်နှစ် နှစ်ဝက်ကျော်မှ ရောင်းနိုင်မည်ဟု ခန့်မှန်းထားသည်။

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ၏ အတွင်းရေးမှူး ဦးသက်ဇော်က “ကျွန်တော်တို့ ခွင့်ပြုချက် ရဖို့တော့ ခြောက်လကျော်လောက်တော့စောင့်ရမယ်၊ ရတာနဲ့ တောင်သူလယ်သမားတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို အဓိကလုပ်ကိုင်သွားမယ်၊ တန်ဖိုးနည်းအိမ်ရာ၊ ကျေးလက်ဒေသ လျှပ်စစ်မီးပေးဝေရေးတို့ကိုလည်း လုပ်ကိုင်သွားမယ်”ဟု ပြောသည်။

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီ အနေဖြင့် တောင်သူလယ်သမားများကို ချေးငွေများ ထုတ်ချေးရန် ရည်ရွယ်ပြီး အများပိုင်ဘဏ်တည်ထောင်ရန် စီစဉ်ထားကြောင်း ဆိုသည်။

ဦးသက်ဇော်က “အများပိုင်ဘဏ် မရခင်တော့ Micro Finance ကို အရင်လုပ်သွားပါမယ်၊ ချေးငွေပမာဏ ဘယ်လောက် သုံးမလဲဆိုတာက ဧရိယာဘယ်လောက်ထိ လုပ်ကိုင်သွားမလဲ အပေါ်မူတည်တယ်”ဟု ပြောသည်။

အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူများသည် သြဂုတ်လအတွင်းတွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တောင်သူလယ်သမားများ ဖွံဖြိုးတိုးတက်လာရန် အတွက် ဂျပန်နိုင်ငံမှ ပံပိုးမှုများရယူသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ဦးသက်ဇော်က “တောင်သူတွေအတွက် ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လိုအပ်တယ်ဆိုရင် နိုင်ငံခြားချေးငွေတွေနဲ့ လုပ်ကိုင်သွားမယ်”ဟု ပြောသည်။

တောင်သူလယ်သမား ဖွံဖြိုးတိုးတက်ရေးပါတီ တည်ထောင်ခဲ့ပြီးနောက်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အများပိုင်ကုမ္ပဏီကို တည်ထောင်ခဲ့ရခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ တာဝန်ရှိ သူများက ဆိုသည်။

ယင်းနောက် ခွင့်ပြုချက်ရပါက တောင်သူလယ်သမားအများပိုင်ဘဏ်ပါ တည်ထောင်၍ တောင်သူများအတွက် ဘဏ်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တောင်သူလယ်သမား ဘဏ်တည်ထောင်ခြင်းနှင့် ပတ်သက်၍ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက“ အခု ထိတော့ ဘဏ်လိုင်စင်ကို တခြားသူကို ပေးတာမတွေ့သေးဘူး။ ဂျပန်က ကူညီမယ်၊ ယိုးဒယားက ကူညီမယ် ပြောတာပဲ။ ပြောပြီး ပျောက်သွားတာပဲ။ တစ်ကယ်လက်တွေ့ လုပ် ဖို့တော့လိုတယ်”ဟု ဇူလိုင်လကပြောထားပါသည်။

လက်ရှိတွင် လယ်သမားများကို ဆန်စပါးအထူးပြုကုမ္ပဏီအများစုက ချေးငွေထုတ်ချေးမပေးတော့ခြင်း၊ အမတော်ကြေး ထုတ်ယူရတွင် အခက်အခဲဖြစ်နေခြင်းများရှိနေသည့်အပြင် အချို့နေရာများတွင် အသေး စားငွေချေးပေး သူများကလည်း ထုတ်ချေးပေးခြင်းမရှိတော့သဖြင့် ချေးငွေရရှိရန် ခက်ခဲနေသည်။

No comments: