Wednesday, September 18, 2013

ဂျောင်းဗီဒီယို ဇာတ်ကား ရခိုင်အမျိုးသားများ အကြား မခံရပ်နိုင်မူ တိုးပွား

နိရဉ္စရာ

ဂျော်လီဆွေနှင့် သားများ ဗီဒီယို ထုတ်လုပ်ရေးမှ ထုတ်လုပ်သော ဂျောင်းဗီဒီယို ဇာတ်ကားနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားများ အကြားတွင် အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။

၎င်းဂျောင်း ဗီဒီယို ဇာတ်ကား၏ ဇာတ်ဝင် ခန်း တစ်ခုတွင် လူပြောင်၊ လူနှောက် အနေဖြင့် သရုပ်ဆောင်သော မြင့်မြတ်က “ ဦးယဉ်ကျေး မိန်းမ က ရခိုင်မ ဆိုတော့ ဘင်္ဂလီနဲ့  ဆော်နေပြီ ပေါ့- “ ဆိုတဲ့ စကားလုံးကို သုံးနှုန်းထားသည်ဟု ဆိုသည်။

ထိုသို့ သုံးနုန်းသည့် အပေါ် အမျိုးသားရေး အရ စော်ကားမူ တစ်ရပ် အဖြစ် ရခိုင်အမျိုးသားများက မြင်နေကြပြီး မခံမရပ်နိုင်မူ တိုးပွားလာနေကြသည်ဟု ဆိုသည်။

ယင်းပြင် ပူပူနွေးနွေးပင် ရှိနေသေးသော ရခိုင် ပဋိပက္ခ အပြီးတွင် ထိုကဲ့သို့ ပြောဆို မူသည် ရခိုင်အမျိုးသားများ အပေါ် တမင် သွေးဆူအောင် ပြုလုပ်ခြင်း အဖြစ်လည်း အမြင်ရှိနေကြသည်ဟု သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်မှလည်း ချက်ချင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ အကြောင်းကြားခဲ့ပြီး အဆိုပါ ဇာတ်ကား ပတ်သက်ပြီး ဖြေရှင်းပေးရန် တောင်းဆို ခဲ့သည်ဟု သိရသည်။

အလားတူ ရခိုင်အမျိုးသား ကွန်ယက်မှလည်း ဥက္ကဌ ဖြစ်သူ ကိုတင်ထူးအောင် လက်မှတ်ရေးထိုးကာ ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး ကြေငြာချက်ထဲတွင် ဇာတ်ကားနှင့် သက်ဆိုင်သူများ အနေဖြင့် အမြန်ဆုံး လူသိရှင်ကြား ၀န်ချ တောင်းပန်ရန်နှင့် ရုပ်ရှင် အစည်းအရုံး အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို အမြန်ဆုံး ခေါ်ယူသတိပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။


၎င်းပြင် ရခိုင်အမျိုးသား ကွန်ယက်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် မတော်တဆ မှားယွင်း၍ ဖြစ်စေ၊ မသိနားမလည်၍ ဖြစ်စေ ဌာနေတိုင်းရင်းသား လူမျိုး တစ်မျိုး၏ ဂုဏ်သိက္ခာကိုသော်၎င်း၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မူကို သော်၎င်း ထိခိုက်ပျက်ပြားစေသော စကားလုံးနှင့် စကားရပ်များ ဖြစ်သဖြင့် အမြန်ဆုံး လူသိရှင်ကြား ၀န်ချတောင်းပန်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

ဂျောင်း ဇာတ်ကားကို ဂျော်လီဆွေနှင့် သားများ ဗီဒီယို ထုတ်လုပ်ရေးမှ တာဝန်ယူ ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာမှာ နေပိုင်၊ ဇာတ်ညွှန်းရေးဆရာ သည်ခေတ်နေတို့ ဖြစ်ကြသည်ဟု ဆိုသည်။

၎င်းဇာတ်ကားပါ အသုံးအနုန်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ ဖြစ်ကြသည့် ဂျော်လီဆွေနှင့် သားများ ဗီဒီယို ထုတ်လုပ်ရေး၊ ဒါရိုက်တာမှာ နေပိုင်၊ ဇာတ်ညွှန်းရေးဆရာ သည်ခေတ်နေ၊ သရုပ်ဆောင် မြင့်မြတ်တို့က တောင်းပန်ကြောင်း စက်တင်္ဘာလ ၁၆ ရက်နေ့က ရုပ်ရှင် အစည်းအရုံးက ကြေငြာချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

အလားတူ စက်တင်္ဘာလ ၁၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် “ ဂျောင်းဗီဒီယို ဇာတ်ကားမှ သရုပ်ဆောင်နှင့် ထုတ်လုပ်သူများ ရခိုင်တိုင်းရင်းသားများကို တောင်းပန်စာ ထုတ်ပြန်” ခေါင်းစည်းဖြင့် သတင်း တစ်ပုဒ် ပါရှိသည်ဟု သိရသည်။

ဂျောင်း ဗီဒီယို ဇာတ်ကားကို ယခုနှစ် အစောပိုင်းက ရိုက်ကူးခဲ့ကြောင်း သိရသည်။

No comments: