Thursday, September 26, 2013

၂၀၁၅ ရွေးကောက်ပွဲမျှတမှုရှိရေး ရွေးကောက်ပွဲကော်မရှင်သာမက ပါတီများပါ ရိုးသားရန်လိုအပ်ဟု တ-စ-ည ပါတီ ပြော

ကေဇင်ဦး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၃

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မျှတမှုရှိစေရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်သာမက ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီများကပါ ရိုးသားမှုရှိရန်လိုအပ်သည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဝင်များက စက်တင်ဘာ၂၄ရက်တွင် ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ၊၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများ ယှဉ်ပြိုင်ခဲ့ ကြပြီး ယင်းရွေးကောက်ပွဲများသည် မျှတမှုမရှိသော ရွေးကောက်ပွဲများဖြစ်ခဲ့ရာ ၂၀၁၅ ရွေးကောက်ပွဲတွင်ရွေးကောက်ပွဲကော်မရှင်အနေဖြင့်သာမက ပါတီများအနေဖြင့်ပါ ရိုးသားမှုရှိရန် လိုအပ်သည်ဟု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးသိန်းထွန်းက မဇ္ဈိမကို ပြောသည်။

၎င်းင်းက “ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲကော်မရှင်သာမက ပါတီတွေ ဘက်က ချို့ယွင်းချက်တွေလည်း အများကြီး ရှိတယ်။ မဲရုံနဲ့ ကိုက်တစ်ရာမှာ စည်းရုံးရေး မလုပ်ရဘူးလို့ စည်းကမ်းချက်ရှိပေမယ့် မဲရုံထဲထိလိုက်ပြီး စည်းရုံးတာရှိတယ်” ဟု ပြောကြားခဲ့သည်။

ယင်းသို့ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုရှိရန်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက “ရွေးကောက်ပွဲဆိုတာ လွတ်လပ်ရုံနဲ့ မပြီးဘူး။ တရားမျှတမှုရှိဖို့လည်း လိုတယ်။ ဒါကိုကော်မရှင်အနေနဲ့ဆောင်ရွက်ပေးရမှာပေါ့”” ဟု စက်တင်ဘာ ၂၅ ရက် တွင် မဇ္ဈိမကိုပြောသည်။

ယင်းသို့ ရွေးကောက်ပွဲတရားမျှတမှုရှိရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) ပါတီမှ ဗဟိုအလုပ် မှုဆောင် ဦးဝင်းမြင့်က “ကျွန်တော်တို့ပါတီ အနေနဲ့က တရားမျှတစွာ ယှဉ်ပြိုင်ခဲ့တဲ့အတွက် အနိုင်ရခဲ့တာ။ ကျွန်တော်တို့သာ ဥပဒေမဲ့ ဆောင်ရွက်ခဲ့ရင် ကော်မရှင်က အရေးယူမှာပဲ။ အင်အားကြီး ပါတီဆိုပေမယ့် ကျွန်တော်တို့ ဥပဒေမဲ့ တာမျိုးမလုပ်ပါဘူး။ အခြားပါတီတွေတော့ မသိဘူး”ဟုဆိုသည်။

လက်ရှိ ပြည်တွင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှာ အင်အားအကြီးဆုံးပါတီများအဖြစ် ရပ်တည်နေကြသည်။

၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီများ အနေဖြင့် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီ ဖြစ်သည်ဟု ပါတီအများစုထံက သိရသည်။

No comments: