Thursday, September 12, 2013

ကိုင်းတန်းဈေးအရေး ဆန္ဒပြသူများ ပြန်လည်လွတ်မြောက်

နေမျိုး၊ အောင်ကိုဦး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၃

မန္တလေးရှိ ကိုင်းတန်းဈေးမရွှေ့ပြောင်းရေးအတွက် ဆန္ဒပြခဲ့သူလေးဦးသည် စက်တင်ဘာ ၁၁ ရက်က လွတ်ရက် စေ့၍ မန္တလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

အာဏာပိုင်၏ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသဖြင့် တရားစွဲခံခဲ့ရသူများဖြစ်သည့် ၎င်းတို့လေးဦးသည် မန္တလေး အိုးဘို အကျဉ်းထောင်မှ နံနက် ၉ နာရီအချိန်တွင် ပြန်လည်လွတ်မြောက် လာကြခြင်းဖြစ်သည်။ လွတ်မြောက်လာ သူလေးဦးမှာ ကိုညီညီကျော်၊ မနီနီအောင်၊ မသဲသဲနှင့် မနွယ်နွယ်ဦးတို့ဖြစ်ကြသည်။

“ကျွန်တော်နဲ့ အမျိုးသမီးဈေးသည် သုံးဦးကို လွတ်ရက်စေ့လို့ ပြန်လွှတ်လိုက်တယ်။ အမှုစီရင်တဲ့ ကာလ ဆယ်လ တိတိကြာတယ်။ မသဲသဲဆိုတဲ့ ဈေးသည်အမျိုးသမီးဆိုရင် ကလေးတစ်ယောက် မွေးဖွားတဲ့အထိ ကြာတယ်။ မီးတွင်းက မထွက်သေးမီမှာ ထောင်သုံးလချခံရတာဖြစ်တယ်” ဟု ပြန်လည်လွတ်မြောက်လာသည့် ကိုညီညီကျော် က ပြောကြားခဲ့သည်။

ကိုင်းတန်းဈေးပြောင်းရွှေ့မှုနှင့် ပတ်သက်၍ အာဏာပိုင်တို့နှင့် ဈေးသည်များအကြား အချေအတင်ဖြစ်ကြသည်မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လက ဖြစ်သည်။

ဈေးပြောင်းရွှေ့မည့် ကိစ္စနှင့်ပတ်သက်၍ မကျေနပ်သည့် ဈေးသားများက ဆန္ဒပြရန် ခွင့်ပြုမိန့်တင်ထားပြီး အာဏာပိုင်က တစ်စုံတစ်ရာ မတုံ့ပြန်သေးမီဈေးကို ရွှေ့ ပြောင်းခဲ့သဖြင့် အာဏာပိုင်တို့ထံ သွားရောက် အရေးဆို သူများသည် တရားစွဲခံရပြီး ထောင်ဒဏ်သုံးလစီ အပြစ်ပေးခံရခြင်းဖြစ်သည်။

ဆန္ဒပြမှုကြောင့် ထောင်ကျခဲ့သူများ ပြန်လွတ်လာသည်ကို လာကြိုသူများက မန္တလေး အကျဉ်းထောင်ရှေ့သို့ “ပုဒ်မ ၁၈ အလိုမရှိ” ဆိုသည့် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး လာရောက်ခဲ့ကြသည်ဟု ထိုလှုပ်ရှားမှု တွင်ပါဝင်သူ မန္တလးမြို့မှ မအမာနီကပြောသည်။

“ပုဒ်မ ၁၈ ကို တိုက်ဖျက်တဲ့အနေနဲ့ ထောင်ပေါက်ဝမှာ လှုပ်ရှားမှုလုပ်တာပါ။ ကျွန်တော်တို့ကတော့ ၅၀၅ (ခ) နဲ့ ပုဒ်မ ၁၈ ဟာ မတရားဘူးထင်လို့၊ ဈေးသူ၊ ဈေးသားတွေအများကြီး နစ်နာသွားရတယ်။ သူတို့ဝမ်းစာအတွက်၊ သူတို့ဈေးရောင်းဖို့ နေရာတောင်းဆိုတာပါ။ အဲဒီပုဒ်မတွေနဲ့ အရေးမယူသင့်ပါဘူး” ဟု မအမာနီက ဆက်လက်ပြောကြား သည်။

No comments: