Thursday, September 19, 2013

မွန်နဲ့ ပဲခူးတိုင်းရှိ ရွာ ၂၃၀ မှာ နေစွမ်းအင်နဲ့ မီးပေးစနစ် သုံးမယ်

ABC

လျှပ်စစ်မီးရရှိဖို့ ​ခက်ခဲတဲ့ ​မွန်ပြည်နယ် ​သ၀ါးတောကျေးရွာ၊ ​ပဲခူးတိုင်း ​ထုံးတောင်ကျေးရွာတွေမှာ ​ရှိတဲ့ ​အိမ်ထောင်စုပေါင်း ​၂၃၀ ​အတွက် ​နေရောင်ခြည်နည်းပညာသုံး ​မီးပေးစနစ်နဲ့ ​လျှပ်စစ်မီးပေးတော့မှာ ​ဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ​နေရောင်ခြည်စွမ်းအင်သုံး ​ဆိုလာနည်းစနစ်နဲ့ ​လျှပ်စစ်မီး ​ဖြန့်ဝေခြင်းဟာ ​ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ ​ဒီနည်းပညာကို ​အသုံးပြုနိုင်ဖို့ ​သ၀ါးတောကျေးရွာနဲ့ ​ထုံးတောင်ကျေးရွာ ​မှာနေထိုင်တဲ့ ​အသက် ​၄၀ကျော်အရွယ် ​ပညာအရည်အချင်း ​အတန်အသင့် ​သာရှိတဲ့ ​အမျိုးသမီးကြီး ​၆ ​ဦးကို ​အိန္ဒိယနိုင်ငံ ​Barefoot ​ကောလိပ်မှာ ​၆လကြာ ​သွားရောက်သင်ကြားခိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပညာအတန်အသင့်သာရှိပြီး ​ဘာသာစကားမတတ်ကျွမ်းတဲ့ ​အတွက် ​သင်တန်းကာလမှာ ​အခက်အခဲတွေ၇ှိခဲ့သလို ​ကိုယ်ဟန်လက်ဟန်ပြဘာသာရပ်နဲ့ ​သင်ကြားတတ်မြောက်ခဲ့တာဖြစ်တယ်လို့ ​အသက်၅၇ ​နှစ် ​အရွယ် ​ဒေါ်နော်အေးစိန်က ​ပြောပါတယ်။

“ပညာသင်တာ ​အခက်အခဲရှိတာ ​စကားမှနားမလည်တာ။ ​စကားနားမလည်တော့သူများကြည့်တယ်။ ​သူများလုပ်တဲ့ ​အမူအရာတွေပဲလိုက်လုပ်ရတယ်ပေါ့။ ​နောက်ပိုင်းကျတော့ ​အင်္ဂလိပ်လိုရေးထားတဲ့ ​စာအုပ်ကြီးတစ်အုပ်ရှိတယ်။ ​၃ ​ရက်လောက်ပဲ၇ှိသေးတယ်ပေးထားတာ။ ​အဲ့စာအုပ်ကြီးကြည့်ပြီးတော့ ​နည်းနည်းပါးပါး ​နားလည်တဲ့ ​သားသမီးတွေ ​မေးမှာပေါ့။”

ဒီအမျိုးသမီးကြီး ​၆ ​ယောက်ကို ​နေစွမ်းအင် ​အင်ဂျင်နီယာအဖြစ်နဲ့ ​ခန့်အပ်မှာ ​ဖြစ်ကြောင်း၊ ​နေရောင်ခြည်စွမ်းအင်သုံး ​လျှပ်စစ်ဖြန့်ဝေခြင်းအတွက် ​လျှပ်စစ်မီး ​အသုံးပြုခကို ​သတ်မှတ်ကောက်ခံသွားမှာ ​ဖြစ်ပြီး ​ရရှိလာတဲ့ ​ငွေကြေးကနေ ​ဆိုလာစက်များရဲ့ ​ပြုပြင်စရိတ်၊ ​ဘတ္တရီအစားထိုးစရိတ် ​နဲ့ ​နေစွမ်းအင် ​အင်ဂျင်နီယာ ​အမျိုးသမီးကြီး ​၆ ​ဦး ​ကို ​လစာငွေအဖြစ်ပေးအပ်သွားမှာ ​ဖြစ်တယ်လို့ ​မွေးမြူရေး၊ရေလုပ်ငန်းနှင့် ​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ​၀န်ကြီးဌာနက ​သတင်းထုတ်ပြန်ထားပါတယ်။

Barefoot ​ကောလိပ်မှာ ​နေစွမ်းအင် ​အင်ဂျင်နီယာ ​အမျိုးသမီး ​ကြီး ​၆ ​ဦးပြုလုပ်ခဲ့တဲ့ ​နေရောင်ခြည်စွမ်းအင်သုံး ​စက်နဲ့ ​အပို ​ပစ္စည်းတွေကို ​အိန္ဒိယနိုင်ငံကနေ ​သဘောင်္နဲ့ ​ပို့ဆောင်နေပြီဖြစ်ပြီး ​၊ ​နေစွမ်းအင် ​အင်ဂျင်နီယာ ​အမျိုးသမီးကြီး ​၆ ​ဦးကတော့ ​စက်တင်ဘာ ​၁၆ရက်နေ့က ​အိန္ဒိယ ​နိုင်ငံကနေ ​မြန်မာနိုင်ငံကို ​ပြန်လည်ရောက်ရှိလာတဲ့ ​အကြောင်း ​ရေဒီယို ​သြစတြေးလျသတင်းထောက် ​ဆုဝေက ​သတင်းပေးပို့ထားပါတယ်။

No comments: