Thursday, September 12, 2013

ပြည်ပအော်ပရေတာများနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် စိန်ခေါ်မှုများစွာရှိနေဟု ပြည်တွင်းအော်ပရေတာများပြော

ချိုကို

ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများကို ပြည်ပအော်ပရေတာများနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန် စိန်ခေါ်မှု အခက်အခဲများစွာ ရှိနေသည်ဟု ပြည်တွင်းအော်ပရေတာများအဖြစ် လုပ်ကိုင်မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နှင့် ရတနာပုံတယ်လီပို့တို့မှ တာဝန်ရှိသူများက ပြောသည်။

ယင်းသို့ပြောကြားခြင်းမှာ စက်တင်ဘာ ၁၀ ရက်က နေပြည်တော် MICC ခန်းမတွင် ပြုလုပ်သည့် Myanmar Connect 2013 ပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး လူအရင်းအမြစ်များရရှိနိုင်မှုတွင် စိန်ခေါ်နေမှုများနှင့် ရင်ဆိုင်နေ ရသည်ဟု ပြောသည်။

အော်ပရေတာအဖြစ် လုပ်ကိုင်မည့် ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက “ကျွန်တော်တို့ပြည်တွင်း အော်ပရေတာများအနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဖို့က ပြည်တွင်းမှာ နည်းပညာရှင်နည်းပါးတဲ့ပြဿနာတွေရှိနေပြီး အခြားစိန်ခေါ်မှုများစွာလည်း ရှိနေပါ တယ်”ဟု ပြောသည်။

ဆက်သွယ်ရေးနှင့်ပတ်သက်ပြီး နည်းပညာရှင်နည်းပါးမှု၊ ရင်းနှီးမြှုပ်နှံမှုအပိုင်းနှင့် ၀န်ဆောင်မှုပိုင်းတို့သည်များစွာ လိုအပ်နေသည့် စိန်ခေါ်မှုများဖြစ်သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၀န်ကြီးဌာနမှခွဲထွက်ကာ အော်ပရေတာအဖြစ် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက ကျွမ်းကျင်သည့်နည်းပညာရှင်များ မရှိသေးကြောင်းလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောသည်။

၎င်းက “ကျွန်တော်တို့မှာလည်း ကျွမ်းကျင်တဲ့လုပ်သားအင်အားစု မရှိသေးပါဘူး။ နောက်တစ်ခုရင်ဆိုင်ရမှာက Infrastructure ဖွံ့ဖြိုးတိုးတက်ဖို့ပါ။ နောက်ထပ်အသုံးပြုသူတွေကိုပေးမယ့် ၀န်ဆောင်မှုပိုင်းကလည်း စိန်ခေါ်မှု တစ်ခုပါ”ဟု ဆိုသည်။

အဆိုပါ Myanmar Connect 2013 ပွဲသို့ တက်ရောက်လာကြသည့် ပြည်ပအော်ပရေတာများကလည်း ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်ပါက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွား မည်ဟု ပြောသည်။

ဆက်သွယ်ရေးလိုင်စင်ရ Ooredoo ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ ဒီနိုင်ငံက ၀န်ထမ်းတွေ ကို ဒီ့ထက်အရည်အသွေးတွေ မြင့်တက်လာအောင် သင်တန်းတွေပေးမယ်။ သင်တန်းတွေ ပေးခြင်းဖြင့် အရည် အသွေးတွေ မြင့်တက်လာမယ်။ နောက် နိုင်ငံတကာကိုလည်း စေလွှတ်ပြီး အရည်အသွေးမြှင့်တင်ရေးသင်တန်းတွေ ထပ်မံပေးသွားမယ်”ဟု ပြောသည်။

ပြည်တွင်းအော်ပရေတာများအနေဖြင့်လည်း ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှုပိုင်းတွင်ရေရှည်ပူးပေါင်းလုပ်ဆောင်နိုင်မည့် စီးပွားရေး ပါတနာများလိုအပ်သည်ဟုလည်း ပြောသည်။

အော်ပရေတာလုပ်ပိုင်ခွင့်ရ Telenor ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က “မြန်မာနိုင်ငံ အတွင်းမှာ ပြည့်စုံတဲ့ ဆက်သွယ်ရေးကွန်ရက်ရရှိဖို့ကလည်း အော်ပရေတာတွေ ပူးပေါင်းလုပ်ကိုင် သွားမှ ရမှာပါ။

ရေရှည်မှာလည်း ရင်းနှီးမြှုပ်နှံမှုအများကြီးရှိပါတယ်။ လုပ်လာတဲ့အတွေ့အကြုံအရ အော်ပရေတွေအနေနဲ့ တာဝါတိုင်တွေကိုလည်း လိုအပ်သလောက်အသုံးပြုပြီး ပူးပေါင်းလုပ်ကိုင်ကြမယ် ဆိုရင် အသုံးပြုသူတွေအနေနဲ့ဈေးပေါပေါနဲ့ အသုံးပြုလာနိုင်ကြမှာလည်း ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ Myanmar Contect 2013 ဖိုရမ်ကို နိုင်ငံတကာမှ နည်းပညာကုမ္ပဏီများ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ တာဝန်ရှိသူ ၄၀၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

No comments: