Sunday, September 15, 2013

ပြည်ရွှေဆံတော် စေတီတွင် CCTV ကင်မရာ တပ်ဆင်မည်

ယုဝေ

ပဲခူးတိုင်း ပြည်မြို့ ရွှေဆံတော်စေတီတော်တွင် ကျပ်သိန်း ၂၀၀ ကျော် အကုန်အကျခံကာ CCTV ကင်မရာများ တပ်ဆင်ပေးသွားမည်ဖြစ်သည်ဟု ပြည်မြို့ရွှေဆံတော်ဂေါပကအဖွဲ့မှ ဦးထိန်လင်းက ပြောသည်။
CCTV ကင်မရာများကို ရွှေဆံတော် စေတီလုံခြုံရေးအတွက် တပ်ဆင်သွားမည်ဖြစ်ပြီး စက်တင်ဘာလအတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်သည်။

ဦးထိန်လင်းက “ရွှေဆံတော်စေတီတော်မှာ လုံခြုံရေးကင်မရာ ၃၂ လုံးတပ်ဆင်သွားမှာပါ။ ရင်ပြင်တော်ပေါ်မှာလေးလုံး၊ စိန်ဖူးတော်နေရာမှာ တစ်လုံးနဲ့ စောင်းတန်းလေးခု၊ ဓာတ်လှေကားအပါအ၀င် အခြားအရေးကြီးတဲ့နေရာတွေမှာ တပ်ဆင်သွားမှာပါ”ဟု ပြောသည်။

ကင်မရာတပ်ဆင်ရန် တာဝန်ယူထားသည့်ကုမ္ပဏီမှာ ရွှေတိဂုံစေတီတော်တွင် ကင်မရာများ တပ်ဆင်ရန် တာဝန်ယူ ခဲ့သည့် နောင်ရိုးကုမ္ပဏီဖြစ်သည်ဟုလည်း ဆိုသည်။

ယင်းသို့ CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့်ပတ်သက်ပြီး အမှတ်(၂) ရဲ စခန်းမှူး ဦးဝင်းခိုင်က “အခု ခေတ်ကတော့ အိုင်တီခေတ်ဖြစ်နေပြီ။ ဘုရားပေါ်မှာ CCTV ကင်မရာတွေရှိတယ်ဆိုတော့ ပိုပြီးအဆင်ပြေ သွားတာပေါ့။ အမှုအခင်းတွေ ဖြစ်လာရင်လည်း အဲဒီကင်မရာတွေ အကူအညီနဲ့ အချိန်မီဖော်ထုတ်လို့ ရနိုင်တယ်”ဟု ပြောသည်။

ပြည်မြို့ ရွှေဆံတော်စေတီတွင် နေ့၊ ည တာဝန်ချထားပေးသော လုံခြုံရေးဝန်ထမ်း အယောက် ၂၀ အပြင် ရဲဝန်ထမ်းခြောက်ဦး အမြဲတမ်း လုံခြုံရေးချထားပေးသည်။

No comments: