Monday, September 2, 2013

E-Commerce ဥပဒေကြမ်း ပြန်လည်စိစစ်ပြီး ခိုင်မာမှုရှိပါက ပြည်သူလူထုသို့ချပြမည်

ချိုကို

အွန်လိုင်းပေါ်တွင် ငွေပေးချေမှုလုပ်ငန်းများအပါအ၀င် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး လုပ်ငန်း များနှင့် သက်ဆိုင်သော e-commerce ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲထားပြီးဖြစ်သည်ဟု ယင်း ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အလုပ်အမှုဆောင် ဦးဇော်မင်းဦးက သြဂုတ် ၂၉ ရက်တွင် ပြောသည်။

e-commerce ဥပဒေကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဦးဆောင်ရေးဆွဲပြီး ပြည်တွင်းအိုင်တီ ပညာရှင်များ၊ အိုင်စီတီဖွံ့ဖြိုးမှုဆောင်ရွက်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အိုင်တီပညာရှင်များ၏ အကူအညီ ရယူရေးဆွဲခြင်းဖြစ်ပြီး လက်ရှိတွင်သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ e-commerce ကော်မတီသို့ ဆက်လက်ပေးပို့ထားပြီးဖြစ်သည်။ ယင်းကော်မတီမှ ပြန်လည်စိစစ်ပြီး ခိုင်မာမှုရှိပါက ပြည်သူ လူထုသို့ ချပြမည်ဖြစ်သည်ဟုလည်း ဦးဇော်မင်းဦးကဆိုသည်။

ဦးဇော်မင်းဦးက “ဥပဒေ e-commerce ရော၊ electronic Transition Law ရော နှစ်ခုစလုံးထည့်သွင်းထားတဲ့ အထွေထွေ ဥပဒေတစ်ရပ်ပုံစံမျိုးပါ။ ပြီးခဲ့တဲ့သုံးလလောက်က ရေးဆွဲပြီး Draft (အကြမ်း) အနေနဲ့ ဖြစ်နေပါပြီ။ လက်ရှိမှာတော့ ဆက်သွယ်ရေးဝန်ကြီးဌာနက e-commerce ကော်မတီကို စိစစ်ပေးဖို့ တင် ထားပါတယ်” ဟု
ပြောသည်။

အဆိုပါ e-commerce ဥပဒေကို ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်နေသည်ဟုလည်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

၎င်းက “လက်ရှိမှာတော့ ကျွန်တော်တို့ဘက်က ဒီဥပဒေကြမ်းကို Review လုပ်နေတုန်းပဲ။ ဥပဒေကြမ်း ဆိုတာတောင်မှ ခိုင်မာတဲ့ဥပဒေကြမ်း (Stable Draft) မဟုတ်သေးပါဘူး။ ခိုင်မာမှု(Stable) ဖြစ်ပြီဆိုရင် ပြည်သူလူထုကို ချပြမှာပါ။ ရှေ့လလောက်တော့ ဖြစ်မယ်ထင်တယ်”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ e-commerce ဥပဒေထွက်လာပါက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပယ်ဖျက်မည်ဖြစ်သည်ဟုလည်း ဦးသန်းထွန်းအောင်က ပြောသည်။

အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေမှာ လက်ရှိတွင်အသုံးပြုနေပြီး ယင်းဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ မှာ များပြားလွန်းသည့်အတွက် ပြန်လည်ပြင်ဆင်မည့် အဆိုတင်သွင်းခြင်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမမြောက် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

လက်ရှိတွင် အွန်လိုင်းငွေပေးချေမှုလုပ်ငန်းများနှင့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများကို ပြည်တွင်းတွင် လုပ်ကိုင်မှု များရှိနေရာ အဆိုပါဥပဒေထွက်ရှိလာပါက လုပ်ငန်းများ ပိုမိုတွင်ကျယ်လာမည့်အပြင် အသုံးပြုသူများနှင့် ၀န်ဆောင်မှုပေးသူများကို ပိုမိုအကာအကွယ်ပေးလာနိုင်မည်ဖြစ်သည်ဟု ပြည်တွင်း အိုင်တီပညာရှင်များက သုံးသပ်သည်။

အွန်လိုင်းငွေပေးချေမှုဝန်ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော Soft Gate Myanmmar ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရန်နောင်စိုးက “ဒီဥပဒေထွက်လာရင်တော့ စားသုံးသူနဲ့ ရောင်းသူ၊ ၀ယ်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်လိမ့်မယ်။ အွန်လိုင်းပေါ်က ငွေပေးချေမှု လုံခြုံရေးအပိုင်းတွေလည်း အများကြီး ကောင်းမွန် လာမယ်။ ဥပဒေထွက်လာပြီဆိုရင် အွန်လိုင်းပေါ်က ငွေပေးချေမှုလုပ်ငန်းတွေကို Research လုပ်တဲ့အဖွဲ့အစည်းတွေ၊ စားသုံးသူကာကွယ်ရေး အဖွဲ့အစည်းတွေလို ပေါ်ပေါက်လာလိမ့် မယ်” ဟု ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဆက်သွယ်ရေးဥပဒေကြမ်းကို သြဂုတ် ၂၇ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သည်။

No comments: