Tuesday, September 3, 2013

ကမ္ဘာ့ဘဏ်ချေးငွေများမှ e-government အကောင်အထည်ဖေါ်ရန် ကန်ဒေါ်လာ ၁၀ သန်းသုံးမည်

ချိုကို

ပင်မစီမံကိန်းရေးဆွဲရန်အတွက်လည်း ကမ္ဘာ့ဘဏ်မှ ကူညီမည်

အစိုးရ၏စီမံကိန်းလေးခုအတွက် ကမ္ဘာ့ဘဏ်မှချပေးသော ချေးငွေများအနက် အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅ သန်းကို ဆက်သွယ်ရေးကဏ္ဍအတွက် အသုံးပြုမည်ဖြစ်ရာ ၁၀ သန်းမှာ e-government လုပ်ငန်းများအတွက် အသုံးပြုရန်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးသောင်းတင် က ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။

ပြည်တွင်းတွင် အစိုးရဌာနများ၏ လုပ်ငန်းများကို e-government စနစ်သို့သွားရန်အတွက် တစ်နှစ်အတွင်း အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားထားပြီးဖြစ်သည်။

ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် e-government လုပ်ငန်းများအပြင် အခြားဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာသန်း ၅၀ ကို ချေးယူရန် တင်ပြထားရာ ပထမအဆင့် အနေဖြင့် ၃၁ ဒသမ ၅ သန်းကို ချေးပေးမည်ဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အပေါ် ထပ်မံ ချေးယူခွင့်ပြုသွားမည်ဟု လည်း သိရသည်။

ယင်းအပြင် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ e-government ဖော်ဆောင်ရေးအတွက် ချေးငွေနှင့် မသက်ဆိုင်သည့် ကန်ဒေါ်လာတစ်သန်းကို ထောက်ပံ့ပေးသွားရန်လည်းရှိကြောင်း ဒု-၀န်ကြီး ဦးသောင်းတင်က ဆိုသည်။

e-government စနစ် အကောင်အထည် ဖေါ်ရာတွင် နည်းဗျူဟာပိုင်းဆိုင်ရာ ပင်မစီမံကိန်း (Master Plan) ကို ကမ္ဘာ့ဘဏ်က ကူညီရေးဆွဲပေးရန် အစီအစဉ်ရှိသည်ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် e-governmentကော်မတီ၏ အလုပ်အမှုဆောင် ဦးသောင်းစုငြိမ်းက ပြောသည်။

ဦးသောင်းစုငြိမ်းက “ကမ္ဘာ့ဘဏ်က e- government Master Plan သဘောမျိုးကို လာရေးဆွဲဖို့အတွက် ကူညီမယ်။ ဒါက သူတို့ရဲ့ ပညာရှင်တွေ ခေါ်လာမယ်။ ဒီမှာလာပြီး စစ်တမ်းကောက်မယ်။ သုတေသနတွေလုပ်မယ်။ အကြံပေးတာတွေလုပ်မယ်။ ဒါပြီးရင် ဘာပရောဂျက်မှတော့ အကောင်အထည်ဖေါ်မှာ မဟုတ်သေးဘူး။ ဗျူဟာတစ်ခု ထွက်လာဖို့ပဲ။ အရင်ဆုံး ဗျူဟာထွက်လာပြီးရင် လုပ်ဆောင်မယ့် ပရောဂျက်တွေ ရွေးထုတ်လို့ ရမယ်”ဟု ပြောသည်။

e- government စီမံကိန်းများ ရေးဆွဲပြီးပါက အကောင်အထည်ဖေါ်ရန် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီ များနှင့်ပြည်ပနည်းပညာ အဖွဲ့အစည်း၊ ကုမ္ပဏီများက အကောင်အထည်ဖေါ်လုပ်ဆောင်ရန်လည်း လိုအပ်သည်ဟု ဆိုသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် “ပရောဂျက်ထွက်လာတဲ့အထဲမှာမှ ပြည်တွင်းက အိုင်တီကုမ္ပဏီတွေ လုပ်နိုင်သမျှကို လုပ်ခွင့်ရအောင် ဆောင်ရွက်ရမယ်။ ပြည်တွင်းက အိုင်တီကုမ္ပဏီတွေ လက်လှမ်းမမီသေးတဲ့ နည်းပညာတွေကတော့ နိုင်ငံခြားပုဂ္ဂလိက ကုမ္ပဏီတွေ လုပ်နိုင်တယ်။ နောက်အဖွဲ့အစည်းတွေကနေ ၀ိုင်းပြီးထောက်ပံ့တာတို့ လုပ်နိုင်မှာပါ” ဟု ဆိုသည်။

e- government အကောင်အထည်ဖေါ်ရာတွင် ငွေကြေးသုံးစွဲမှုအသေးစိတ်အစီအစဉ်များအနေဖြင့် လုပ်ငန်းစဉ် ချမှတ်ရန်အတွက် ဒေါ်လာငါးသိန်း၊ ၀န်ကြီးဌာနများရှိ ၀န်ထမ်းများကို လေ့ကျင့်ပေးရန် အတွက် ဒေါ်လာ ၁ ဒသမ ၅ သန်း၊ ဌာနအချင်းချင်း အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ရန်အတွက် ဒေါ်လာနှစ်သိန်းခွဲနှင့် Application များ၊ Cloud နည်းပညာများ အသုံးပြုရန်အတွက် ဒေါ်လာ ၇ ဒသမ ၇၅ သန်း အသုံးပြုသွားမည်ဟု ဦးသောင်းတင်ကပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်မှ ချေးပေးသော ချေးငွေအတွက် နှစ် ၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး ချေးယူသည့် ပမာဏ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်းကို ၀န်ဆောင်ခအဖြစ် အတိုးပေးသကဲ့သို့ နှစ်စဉ်ပေးချေရမည်ဖြစ်သည်။

No comments: