Wednesday, September 18, 2013

အွန်လိုင်းဘဏ်စနစ်များမလာမီ လုံခြုံရေးကိစ္စရပ်များကို ကြိုတင်ပြင်ဆင်သင့်ပြီဟု Microsoft နည်းပညာလုံခြုံရေးအရာရှိ တိုက်တွန်း

ချိုကို | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃

မြန်မာနိုင်ငံတွင် အွန်လိုင်းဘဏ်စနစ်များ၊ အွန်လိုင်းငွေပေးချေမှုကိစ္စရပ်များ မကြာမီတွင်ကျယ်စွာ အသုံးပြုလာမည်ဖြစ်သည့်အတွက် အွန်လိုင်းနည်းပညာလုံခြုံရေးကိစ္စရပ်များသည် အလွန်အရေးကြီးပြီး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း မိုက်ခရိုဆော့စ် နည်းပညာကုမ္ပဏီ၏ အာရှဒေသဆိုင်ရာနည်း ပညာလုံခြုံရေးအရာရှိ Mr.Pierre Noel က တိုက်တွန်းပြောကြားလိုက်သည်။

၎င်းက အွန်လိုင်းဆိုင်ရာ နည်းပညာတိုက်ခိုက်မှုများကို အစိုးရ၊ ၀န်ကြီးဌာန အဖွဲ့အစည်းများနှင့် ပညာရှင်များပေါင်းစည်း၍ ကြိုတင်ပြင်ဆင်ထားရန်မှာများစွာအရေးကြီးကြောင်း စက်တင်ဘာ ၆ ရက်က မြန်မာအင်ဖိုတက်ခ်တွင်မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ ပြည်တွင်းရှိ နည်းပညာရှင်များ၊ အစိုးရ၀န်ကြီးဌာန ရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Mr.Pierre Noel က “မြန်မာနိုင်ငံမှာ မကြာခင် နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို အွန်လိုင်းပေါ်မှာ ထားနိုင်တော့ မယ်။အဲဒီအခါ ဆိုက်ဘာလုံခြုံရေးကိစ္စက လုံးဝအရေးကြီးလာပြီး။ အခုတည်းက နည်းပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံပိုင်တာဝန်ရှိတဲ့ ပုဂ်္ဂိုလ်တွေ၊ ဌာနဆိုင်ရာ ပုဂ်္ဂိုလ်တွေပါ အားလုံးပူးပေါင်းပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်” ဟု တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်တွင်း၌ မိုဘိုင်းဘဏ်လုပ်ငန်းများလည်း မကြာမီအသုံးပြုလာနိုင်ရန် ပြည်တွင်းဘဏ်များက ကြိုတင်ပြင်ဆင်နေကြပြီး e-commerce ကဲ့သို့ အွန်လိုင်း ငွေပေးချေမှု လုပ်ငန်းများတွင်ကျယ်စွာ အသုံးပြုလာ လျှင်လည်း ဆိုက်ဘာတိုက်ခိုက်မှုများကို ကြိုတင်ပြင်ဆင်ကာကွယ်ထားသင့်ကြောင်း ပြည်တွင်းနည်းပညာရှင်များက လည်း သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက အလုပ်မှုဆောင် ဦးအောင်ဇော်မြင့်က “နိုင်ငံတကာမှာလည်း သူတို့ နိုင်ငံကို ကာကွယ်ဖို့ အွန်လိုင်းနည်းပညာ လုံခြုံရေးတွေကို ပြင်ဆင်နေကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း အဲဒီလိုကြိုတင်ပြင်ဆင်ဖို့ အလွန်ရေးကြီးတယ်။ အဲဒါကြောင့် အိုင်တီနည်းပညာရှင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးလာပြီ”ဟု ပြောသည်။

လက်ရှိတွင် အွန်လိုင်းငွေပေးချေမှု လုပ်ငန်းများလုပ်ကိုင်နေသည့် နည်းပညာကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များ ကလည်း အဆိုပါဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုရန် အလွန်ရေးကြီးသည်ဟု ဆိုသည်။

Myan Pay အွန်လိုင်းငွေပေးချေမှု ပြုလုပ်နေသော Softgate Myanmar မှ မန်နေးဂျင်းဒါရိုက်တာ ဦးရန်နောင်စိုးက “အွန်လိုင်း ငွေပေးချေမှုမှာ လုံခြုံရေးကိစ္စရပ်တွေက အလွန်အရေးကြီးပါတယ်။ နောက်ပြီး Hacking လုပ်ခံရတာတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မယ့်၊ ကာကွယ်နိုင်မယ့်စနစ်တွေကို လုပ်ထား ပါတယ်။ နောက် နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ Hacking ကိစ္စရပ်တွေကို အချိန်နဲ့တစ်ပြေးညီ နားထောင် ပြီး ဘယ်လိုနည်းပညာတွေနဲ့ ကာကွယ် သွားရမယ်ဆိုတာကို ကြိုတင်လေ့လာပြင်ဆင်သင့်သွားဖို့လည်း လိုအပ်ပါတယ်”ဟု ဆိုသည်။

ထို့ပြင် မိုဘိုင်းဘဏ်စနစ်ပြုလုပ်မည့် စီဘီဘဏ်မှ အိုင်တီနည်းပညာရှင်တစ်ဦးကလည်း “ဘဏ်တွေမှာလည်း နိုင်ငံ တကာနဲ့ ချိတ်ဆက်နိုင်တဲ့ နောက်ဆုံးပေါ်ဘဏ်နဲ့ဆိုင်တဲ့စနစ်တွေ အသုံးပြုနိုင်ဖို့လိုအပ်တယ်။ ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်တွေကတော့ ၂၄ နာရီ စောင့်ကြည့်ပြီး ဖြေရှင်းနိုင်မယ့်နည်းပညာတွေ ပိုမိုလိုအပ်တယ်”ဟု သုံးသပ်ပြောကြား ခဲ့သည်။

No comments: